ဂူဂျရတ်ပြည်နယ်၊ ဆူးရတ်မြို့က အိမ်ခြံမြေ ပွဲစားတစ်ယောက်ဖြစ်တဲ့ ဆာဗါနီအိမ်ခြံမြေပွဲစား ဆာဗာနီ (Mr Mahesh Savani) မှာ သား ၂ယောက်ရှိတယ်။ သမီးလိုချင်ပေမဲ့ မရလို့ မိန်းကလေးတစ်ယောက်ကို သမီးအဖြစ် မွေးစားဖို့ စိတ်ကူးပြီး ဆွေမျိုးတွေနဲ့ တိုင်ပင်တယ်။ ဆွေမျိုးတွေက ဝိုင်းဖျက်ကြလို့ မွေးစားဖို့ အစီအစဉ်ပျက်သွားတယ်။ ဒါပေမဲ့ သမီးတစ်ယောက် လိုချင်တဲ့ ဆန္ဒဟာ သူ့ရင်ထဲမှာ အမြဲ ရှိနေခဲ့တယ်။
၂၀၀၈ ခုနှစ်မှာ ဆာဗါနီရဲ့ ဆွေမျိုးတစ်ယောက်ဟာ ရုတ်တရက်ကွယ်လွန်သွားလို့ သတင်းသွားမေးတယ်။ အဲဒီမှာ ကွယ်လွန်သူရဲ့ အသက် ၂၀ အရွယ် သမီးလေးဟာ မင်္ဂလာဆောင်ဖို့ တပါတ်ပဲလိုတော့တယ်ဆိုတာ သိလိုက်ရတယ်။ သင်္ဂြိုဟ်ဖို့ ကုန်ကျစရိတ်ကြောင့် စုဆောင်းထားငွေကုန်သွားလို့ မိန်းကလေးဖက်က သတို့သားဖက်ကို dowry မင်္ဂလာကြေးမပေးနိုင်တော့ဘူး။ ဆာဗါနီဟာ မင်္ဂလာကြေးကို ပေးလိုက်တဲ့အပြင် မင်္ဂလာပွဲကို ခမ်းခမ်းနားနား ဖြစ်အောင် အကုန်အကျခံ ကျင်းပပေးလိုက်တယ်။ သတို့သမီးလေးခမျာဟာ ဆာဗာနီကို အရမ်းကျေးဇူးတင်နေလို့ သူ့ခြေထောက်အစုံကို ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေရှာတယ်။
"အဲဒီအဖြစ်အပျက်ပြီးတော့ တခြားမိန်ကလေးတွေအကြောင်းကို ကျနော် စဉ်းစားမိလိုက်တယ်။ အထူးသဖြင့် ဆင်းရဲပြီး အဖေကွယ်လွန်သွားတဲ့ မိန်းကလေးနဲ့ မိန်းကလေးရဲ့ အမေဟာ ဘယ်လောက်များ စိုးရိမ်ပြီး စိတ်ဆင်းရဲနေကြလိမ့်မလဲလို့။ မိန်းကလေးအတွက် မင်္ဂလာကြေး မပေးနိုင်လို့ သတို့သား ရှာတွေ့ပါ့မလားပေါ့။ အဲဒီမှာ အဲဒီလို အဖေမရှိတော့တဲ့ ဆင်းရဲတဲ့ မိန်းကလေးတွေကို အကူအညီပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်" လို့ ဆာဗါနီက ပြောပြတယ်။
သူဟာ လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ အဖေ မရှိတော့တဲ့ မိန်းကလေး ၄၇၂ယောက်ရဲ့ မင်္ဂလာဆောင်စရိတ်အဖြစ် တကြိမ်ကို အိန္ဒိယ ရူပီငွေ ၄ သိန်း (အမေရိကန် ဒေါ်လာ ၆,၀၀၀) လောက် အကုန်ခံခဲ့ပြီးဖြစ်ပါတယ်။ ကုန်ကျစရိတ်တွေက မင်္ဂလာပွဲ ကျင်းပမဲ့ နေရာ ငှားရမ်းခ၊ သတိုးသမီးအတွက် လက်ဝတ်ရတနာဖိုး၊ သတိုးသားအတွက် အဝတ်အစား၊ ဧည့်ခံကျွေးမွေးစရိတ်အပြင် အိမ်သုံးပစ္စည်းဝယ်တာတွေအတွက်ပါ။ သတို့သမီးပေါင်း ၄၇၂ ယောက်အတွက် ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံခဲ့ပြီးပါပြီ။
သူက အကူအညီတောင်းလာတဲ့ မိန်းကလေးတွေဆီက တစ်ခုပဲ တောင်းဆိုတာက ကွယ်လွန်သွားတဲ့ အဖေရဲ့ သေစာရင်းမှတ်တမ်းကို ပြဖို့ပါ။
"သေစာရင်းစာရွက်ကို ကြည့်ပြီးတာနဲ့ ကျနော် မိန်းကလေးကို သမီးတစ်ယောက်လိုပဲ သတ်မှတ်လိုက်ပါတယ်။ ကျနော်ဟာ ဘာသာ၊ လူမျိုး မခွဲခြားဘူး။ ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယန်၊ ဇာတ်နိမ့် ဇာတ်မြင့် မခွဲခြားဘူး" လို့ ဟိန္ဒူဘာသာကိုးကွယ်တဲ့ ဆာဗါနီက ပြောပြပါတယ်။
သူ့အနေနဲ့ မင်္ဂလာဆောင်ကို တစ်ယောက်ထဲ ကျင်းပဖို့ မလွယ်ကူလို့ သူအကုန်အကျခံ လက်ထပ်ပေးလိုက်တဲ့ မိန်းကလေးတွေကို မင်္ဂလာပွဲမှာ လာရောက်ကူညီပေးဖို့ မေတ္တာရပ်ခံလို့ အဲဒီမိန်းကလေးနဲ့ သူတို့ ခင်ပွန်းတွေပါ လာရောက်ကူညီပေးကြပါတယ်။ သူတို့ကပဲ သတို့သမီးအတွက် လက်ဝတ်လက်စားတွေ လိုက်ဝယ်ပေးကြတယ်။ လာရောက်တဲ့ ဧည့်သည်တွေကို ဧည့်ခံပေးကြတယ်။
အခု အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဆာဗါနီရဲ့ လုပ်ရပ်ကို သူ့ဇနီးသယ် ဘာနာနဲ့ အသက် ၂၀.အရွယ် သား ၂ ယောက်ကလဲ ထောက်ခံအားပေးကြတယ်။
"ကျနော်က ဆွေမျိုးတွေကို ပြောပြလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ မင်းတို့ ငါ့ကို သမီးတစ်ယောက် မမွေးစားဖို့ အကြံပေးခဲ့တယ်လေ။ အခုတော့ ငါ့မှာ သမီး ၄၇၂ ယောက် ရှိနေပြီကွ" လို့ သူက ရယ်မောရင်း ပြောပြပါတယ်။
ငွေကြေးချမ်းသာတော့လဲ အကူအညီ လိုနေတဲ့ လူသားတွေကို ကောင်းကောင်း ကူညီနိုင်တာပေါ့။ သူ ဘယ်လောက်များ စိတ်ချမ်းသာနေမလဲ စဉ်းစားကြည့်ကြပါ။
မှတ်ချက်။ စင်္ကာပူနိုင်ငံထုတ် The Straits Time သတင်းစာကြီးရဲ့ ဆောင်းပါးတပုဒ်ကို အကျဉ်းရုံး ဖေါ်ပြလိုက်တာပါ။
Credit - ဗန်းမော်သိန်းဖေ
Thursday, March 02, 2017
အိန္ဒိယနိုင်ငံက သတို့သမီး ၄၇၂ ယောက်ရဲ့ ဖခင်ကြီး။
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment