ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Thursday, May 18, 2017

တံတားပေါ်ဖြတ်မလျှောက်ရ




                   

       သားရေ… ပဲခူးသွားမလား
        ဗျာ!… ဘာသွားလုပ်ရမှာတုန်းအမေရ
        သြော်!… မင်းဘကြီးကျော်ဆီကိုသွားပြီး အလှူသွားဖိတ်ပေးပါလားလို့
        ဘကြီးကျော်ဆီလား အမေကလဲ ဘကြီးကျော်ကအလှူဆို အမြဲလာနေကြလေ ဒီနှစ်အလှူလဲ သူဟာသူလာမှာပေါ့
       ဒါတော့ဒါပေါ့သားရ… ဒါပေမယ့် တလေးတစား သွားဖိတ်ထားတော့ ပိုကောင်းတာပေါ့ သူကအကြီးပဲလေ
     ဟုတ်ပါပြီ… ဒါဆိုလည်း သွားဖိတ်ပေးပါ့မယ် ဘယ်တော့သွားရမှာတုန်း
      အင်း!… အလှူရောက်ဖို့ တစ်ပတ်လောက်ပဲလိုတော့တယ်ဆိုတော့ ဒီနေ့ညနေသွားမလား
       ဟင်… ဒီနေ့ညနေတော့ သွားလို့မဖြစ်ဘူးအမေရ သားချိန်းထားတဲ့ ကိစ္စလေးတစ်ခုရှိသေးတယ် မနက်ဖြန်မှသွားမယ်လေနော်
       ဟုတ်ပြီဟုတ်ပြီ ဒါဆိုသားသဘော မင်းနဲ့မင်းဘကြီးကျော်တွေ့ပြီးဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီညီ အပေးယူမျှနေကြတော့ တော်ကြာ ရန်ကုန်ပြန်လာဖို့မင်းမေ့သွားမှာစိုးလို့ အခုရက်တည်းက လွတ်ရတာ… ထားပါ ဒါပေမယ့် မနက်ဖြန်သွားဖြစ်အောင်တော့ သွားပေးနော်
    ဟုတ်ကဲ့ပါအမေရ စိတ်ချပါ သားသွားပေးပါ့မယ်

 
အလှူနီးနေပြီလေ။ ဒီနှစ်တပေါင်းလပြည့်ဆိုရင် ကျွန်တော်တို့အိမ်မှာ အလှူရှိတယ်။ ဒီနှစ်မှမဟုတ်ပါဘူး။ နှစ်တိုင်းတပေါင်းလပြည့်နေ့ဆိုရင် အလှူလုပ်လေ့ရှိတယ်။ အလှူလုပ်တဲ့နှစ်တိုင်း ဘကြီးကျော်တစ်ယောက် ကျွန်တော်တို့အလှူကိုအမြဲတမ်းလာတယ်။ ပြီးရင် အိမ်မှာသုံးလေးရက်နေပြီမှ သူ့အိမ်သူပြန်တယ်။ နှစ်တိုင်းဘကြီးကျော် အလှူကို သူဟာသူရောက်လာပေမယ့် ဒီနှစ်မှ ထူးထူးခြားခြား အမေ့က ကျွန်တော်ကို ဘကြီးကျော်ဆီသွားဖိတ်ခိုင်းနေတယ်။

    တကယ်တမ်းပြောရရင် သွားတော့မသွားချင်ဘူးဗျ။ ကျွန်တော့်မှာ လုပ်စရာလေးတွေ နည်းနည်းရှိနေတယ်။ အမေကိုယ်တိုင် ခိုင်းနေတာဆိုတော့ မသွားပေးလို့ကလဲ မကောင်းဘူး။ ပြီးတော့ ဘကြီးကျော်နဲ့တွေ့ရင် တူကြီးနှစ်ယောက် စကားပြောကောင်းကောင်းနဲ့ ပြောကြရင်း မိုးစင်စင်လင်းသွားတဲ့ နေ့တွေလဲမနည်းဘူး။ ဘကြီးကျော်က အမေ့ရဲ့အစ်ကိုအကြီးဆုံး ကျွန်တော့်ကိုသိပ်ချစ်တာ။ သူကလူတစ်မျိုးဗျ။ လူတွေနဲ့ နီးနီးကပ်ကပ်မနေချင်လို့ဆိုပြီ ပဲခူးရိုးမဘက် တောကျကျနေရာမှာ သူ့မိသားစုနဲ့ နေတယ်။

ကျွန်တော်လာလည်ပြီဆိုရင်လဲ လိုလေသေးမရှိ ဧည့်ခံစောင့်ရှောက်ပေးတယ်။ ကြီးတော်ဒေါ်မြကြည်ကလဲ ဘကြီးကျော်လိုပဲ ကျွန်တော့်ကိုသိပ်ချစ်တာ။ ကြီးတော် ဒေါ်မြကြည်ဆိုတာ ဘကြီးကျော်ရဲ့ ပါရမီဖြည့်ဘက် အိမ်ထောင်ရှင်မလေ။ ကဲ အခုတော့ အမေကလဲ သွားခိုင်းနေပြီဆိုတော့ ဘကြီးကျော်ဆီသွားပေးရမှာပေါ့။ မနက်ဖြန်မြန်မြန်ရောက်အောင် ဒီညစောစောအိပ်ပစ်လိုက်တယ်။
   
              ကိုင်း!… မိုးလင်းစေပြီ။

    ဒီနေ့ အမေ့ကိုကတိပေးထားတဲ့ အတိုင်း ဘကြီးကျော်ဆီ အလှူသွားဖိတ်ပေးရမယ်။ အမေက လမ်းစရိတ် တစ်သောင်းပေးတယ်။ အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကနေ ဘကြီးကျော်နေတဲ့ ပဲခူးကိုသွားရမှာ။ ဘာပြောကောင်းမတုန်းဗျ။ အမေက လမ်းစရိတ်တစ်သောင်းပေးတာနဲ့ ကျွန်တော်လဲ အိမ်ကနေ မနက်ရှစ်နာရီလောက်ထွက်ပြီး အောင်မင်္ဂလာအဝေးပြေး ကားဂိတ်ကိုရောက်လာတယ်။ ဘကြီးကျော်ဆီ မရောက်ဖြစ်တာလဲ တစ်နှစ်နီးပါးရှိနေပြီ။ အခုလောက်ဆိုရင် ပတ်ဝန်းကျင်အခြေနေတွေလည်း ပြောင်းလဲနေလောက်မှာ သေချာသွားပြီ။

   ပြီးတော့ ဘကြီးကျော်ရဲ့အိမ်ကိုလဲ ပဲခူးပြောင်းသွားတည်းက တစ်ခါပဲရောက်ဘူးတယ်။ သိပ်လဲမမှတ်မိဘူးဖြစ်နေတယ်။ ရှာဖွေမေးစမ်းပြီးမှ အိမ်ကိုတွေ့နိုင်မှာဖြစ်နေလို့ ကျွန်တော်လဲ ကားဂိတ်ကိုစောစောထွက်လာခဲ့တာ။ ကားဂိတ်ရောက်တော့ မနက်(၉)နာရီတောင်ကျော်နေပြီ။

        ထီးကလေး…
     
ကားဂိတ်ထဲဝင်ဝင်ချင်းပဲ အနောက်ကနေ တစ်ယောက်ယောက် ကျွန်တော့်ကိုတရင်းတနှီး ခေါ်သံကြားလိုက်တယ်။ ကျွန်တော်လဲ ဆတ်ခနဲ လှည့်ကြည့်မိလိုက်တော့

        ဟ!… ငအောင် မင်းဘယ်တွေပျောက်နေတာလဲ
 
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဗျ။ သူငယ်တန်းကတည်းနေ အထက်တန်းအထိ အတူတူကျောင်းတတ်လာတဲ့ ငယ်ပေါင်းသူငယ်ချင်း အောင်ကြီးဖြစ်နေတယ်။ မတွေ့ရတာကြာလှပြီဗျ။ သူနဲ့ကျွန်တော် တတွဲတွဲနေလာခဲ့တာ ညီအစ်ကိုလိုပါပဲ။ သူ့အိမ်ကနေ အလုပ်သွားလုပ်မယ်ဆိုပြီး ပျောက်သွားလိုက်တာ (၃)နှစ်နီးပါးလောက်ရှိနေပြီ။ ကျွန်တော်လဲ ဒီကောင်ကြီးကို သတိရနေတာ။ အခုတော့ မထင်မှတ်ပဲ အဝေးပြေးကားဂိတ်မှာ တွေ့လိုက်ရတယ်။

   မဆုံတာကြာနေပြီဖြစ်လို့ ပတ်ဝန်းကျင်အနီးနားက ဆိုင်လေးတစ်ဆိုင်မှာ နှစ်ယောက်သားဝင်ထိုင်ရင်း သုံးနှစ်တာလောက် မပြောဖြစ်ခဲ့တဲ့ ရှေ့ဖြစ်နောက်ဟောင်းတွေ ပြောနေမိကြတယ်။

    အေးကွာ… ငါလဲမင်းကိုသတိရနေတာ မင်းပြောသလိုဆို ထိုင်းနိုင်ငံမှာ မင်းနှစ်နှစ်လောက်ကြာသွားတယ်ပေါ့ဟုတ်လား
    အေးကွ!… နှစ်နှစ်ကျော်ကျော်လောက်ကြာသွားတာ ငါ့အဘွားဆုံးသွားတာတောင် မသိလိုက်ဘူးလေ
   ဟင်!… မင်းအဘွားဆုံးသွားပြီဟုတ်လား ငါလဲမသိလိုက်ပါလား
    ဟုတ်တယ်ကွ ငါ့အိမ်က အနီးအနားပတ်ဝန်းကျင်တွေကိုဖိတ်လိုက်တာ အမျိုးတွေကိုလဲ အကြောင်းမကြားဖြစ်ဘူး
   အေးကွာ စိတ်မကောင်းစရာပဲ ငါလဲအလုပ်တွေရှုတ်နေတာနဲ့ မင်းတို့အိမ်ဘက်ကို မရောက်ဖြစ်တာတော်တော်ကြာသွားပြီ ပြောနေရင်း အဘွားရဲ့မျက်နှာကိုတောင် မျက်စိထဲမြင်မိတယ် အဘွားဆုံးသွားပြီးဆိုတော့ ငါတို့ကိုရှေ့ဖြစ်နောက်ဟောင်းလေးတွေ ပြောပြပေးမယ့်သူ မရှိတော့ဘူးပေါ့ ဒါနဲ့မင်းအခု ဒီမှာဘာလုပ်နေတာလဲ
     ထိုင်းမှာအဆင်မပြေလို့သူငယ်ချင်းရေ အခုဒီမှာ အဝေးပြေးကားလိုက်နေတာ ဒါနဲ့မင်းကရောဘဟ်လဲ
   ဟာ!… သွားပါပြီ စကားပြောကောင်းကောင်းနဲ့ ပြောနေလိုက်တာ နေ့ခင်းနှစ်နာရီတောင်ကျော်နေပြီ ငါသွားမှဖြစ်တော့မယ်
    ဟင်… ဘယ်လိုဖြစ်တာလဲကွ ရုတ်တရက်ကြီး
    ပဲခူးသွားမလို့ကွ!… သူငယ်ချင်းနောက်မှ ပြန်ဆုံကြမယ်ကွာ ငါ့ကိုခွင့်ပြုဦး
    အေးအေးသူငယ်ချင်း နေဦး ပဲခူးဘယ်နေရာလဲ
    ဆယ်မိုင်ဘက်
    ဒါဆိုမင်းနောက်ကျနေလိမ့်မယ် အခုလာနေတဲ့ ကားလေးကိုတားစီးသွားလိုက် အဲ့ဒီကားက ဆယ်မိုင်ဘက်ကို သွားမှာ
   အေးသူငဟ်ချင်း ကျေးဇူးပဲ

အောင်ကြီးနဲ့ စကားပြောနေလိုက်တာ ကျွန်တော်တစ်ယောက် နာရီတောင်မကြည့်မိခဲ့ဘူးဗျာ။ နာရီကြည့်မိတော့ မွန်းလွဲနှစ်နာရီတောင်ကျော်နေပြီ။ ဒါနဲ့ အောင်ကြီးနဲ့ ပြောလက်စ စကားလေးတွေ ကမန်းကတမ်းဖြတ်ပြီး သူညွန်ပေးတဲ့ ကားပေါ်ကိုအပြေးတတ်သွားခဲ့ရတယ်။ နေဝင်သွားလို့မဖြစ်ဘူး။ ဘကြီးကျော်အိမ်ကိုလဲ သေချာမမှတ်မိတော့ မေးစမ်းပြီးသွားရမှာ။ တော်သေးတာပေါ့။ ညနေလေးနာရီခွဲလောက် ကျွန်တော်ဦးတည်လာတဲ့ ပဲခူးဆယ်မိုင်ကိုရောက်လာတယ်။
ကားဂိတ်ကနေ ဘကြီးကျော်တို့အိမ်ကို ဆိုင်ကယ်ကယ်ရီနဲ့ သွားရဦးမယ်။ ဒါနဲ့ကယ်ရီငှားလိုက်တယ်။ ကယ်ရီသမားလေးကို ကျွန်တော်မှတ်မိသလောက် လမ်းပြခေါ်ဆောင်လာခဲ့ရင်း ချောင်းကူးတံတားလေးတစ်ခုအနီး ရောက်လာခဲ့တယ်။ မှတ်မိပြီဗျ။ ဒီချောင်းကူးတံတားလေးကို ကျော်ပြီး နည်းနည်းလောက် လျောက်လိုက်ရင် ဘကြီးကျော်တို့အိမ်ကိုရောက်ပြီ။

    ရပြီအစ်ကို… ကျွန်တော်ဒီနားမှာပဲ ဆင်းလိုက်တော့မယ်
    အစ်ကိုဘယ်ကိုသွားမှာလဲ
     ဗျာ… သြော်… ကျွန်တော်ဦးလေးအိမ်သွားမလို့ ဘာဖြစ်လို့တုန်းဗျ
     ဟို… ဟို
    ဘာဖြစ်လို့တုန်းဗျ ခင်ဗျားကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ ဘာဖြစ်လို့လဲ
    ဟို… ဟို ဘာမှမဟုတ်တော့ပါဘူးဗျာ… ခင်ဗျားသွားစရာရှိတာ သွားပါ ဒါပေမယ့် ကျွန်တော်တစ်ခုလောက်မှာပါရစေ
      မှာပါဗျ ဘာများတုန်း
    ဟို… အခုမြင်နေရတဲ့ တံတားကို ခင်ဗျားဖြတ်ရဦးမှာလား
     ဟုတ်တယ်လေ… အဲ့ဒီတံတားကိုဖြတ်ပြီး နည်းနည်းလောက်လျောက်လိုက်ရင် ကျွန်တော့ဦးလေးအိမ်ကိုရောက်ပြီ
       ဒါဆိုကျွန်တော်တစ်ခုလောက်ပြောမယ်ဗျ အဲ့ဒီတံတားအပေါ်ကိုဖြတ်ရင် ခင်ဗျားပုဆိုးဖြန့်မဝတ်မိစေနဲ့နော်
     ဟင်!… ဘာဖြစ်လို့တုန်းဗျ
     အဲ့ဒီတံတားမှာ သရဲခြောက်တယ်
    ဗျာ… သြော်… အင်းအင်း
     ခင်ဗျားကိုစိုးရိမ်လို့ သတိပေးတာနော် ညနေဆောင်းရင် အဲ့ဒီတံတားအပေါ်ကနေ ဘယ်သူမှ မဖြတ်တော့ဘူး ကျွန်တော်ပြောတာကို ခင်ဗျားမယုံရင် စမ်းကြည့်ပေါ့ ကျွန်တော့်ကိုတော့ခွင့်ပြုဦး
     ဟင်!… သြော်… ဟုတ်…ဟုတ်ကဲ့

ကယ်ရီသမားလေးက ကျွန်တော့ကိုဒီလိုပြောပြီး ဆိုင်ကယ်မောင်းထွက်သွားတယ်။ သူ့ကြည့်ရတာလဲ ပျော်တတ်မယ့်ပုံမျိုး တစ်လမ်းလုံးလဲ ဟာသလေးတွေပြောလာတယ်။ အခု အရှေ့နားမှာမြင်နေရတဲ့ တံတားအပေါ်မှာ ပုဆိုးမဝတ်မိစေနဲ့လို့ ပြောသွားသေးတယ်။ ဘာကြောင့်လဲဆိုတော့ သရဲခြောက်တယ်။ ကျွန်တော်လဲ နည်းနည်းတွေဝေသွားတယ်။ အချိန်ကြည့်လိုက်တော့ နေမဝင်သေးဘူး။ ဒါပေမယ့် ညနေ၅နာရီတိတိရှိနေပြီ။

     ကျွန်တော်လဲစိတ်ထဲထားမနေခဲ့ဘူး။ ကယ်ရီသမားလေး ကျွန်တော့ကိုစနောက်သွားတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ ခပ်လှမ်းလှမ်းမြင်နေရတဲ့ တံတားလေးဆီ ကျွန်တော်ဦးတည်လျောက်သွားခဲ့တယ်။ တံတားလေးက ချောင်းလေးကိုကူးဖို့အတွက် ထိုးထားတဲ့ တံတားလေးပါ။ မနှစ်က ကျွန်တော်ဘကြီးကျော်အိမ် ရောက်လာတုန်းကလဲ ဒီတံတားလေးကို ဖြတ်ပြီးသွားရတယ်။ ဒါပေမယ့် ဒီလောက်ထိတော့ မပျက်စီးသေးဘူး။ အခု တံတားလေးရဲ့ပုံစံက တော်တော်လေးဟောင်းနွမ်းနေပြီ။ အရှည်အားဖြင့်တော့ ၁၀ပေကျော်ကျော်ရှိတယ်။

   ကျွန်တော်တံတားဦးနားရောက်လာတယ်။ ချောင်းရေတွေကလဲ တတ်နေတယ်။ တံတားလေးအပေါ် ဘယ်သူမှ အသွားအလာ သိပ်မလုပ်တဲ့ ပုံစံကိုလဲတွေ့ရတယ်။ တံတားရဲံ့ ဘေးဘောင်လေးကိုကိုင်လျောက်ရင်း တံတားအလည်ကိုရောက်တော့ ကလေးမလေးတစ်ယောက် တံတားအပေါ်မှာ ကစားနေတာ တွေ့တယ်။ ဂါဝန်အဖြူရောင်လေးနဲ့ ကျွန်တော့်ကိုလဲ အာရုံမထားဘူး။ သူ့ဟာသူ တစ်ယောက်တည်းကစားနေတာ။

   ထူးဆန်းလှချည်လား။ ဒီကလေးမလေး ကစားနေတာကိုး တံတားဦးနားမှာ ကျွန်တော်ရှိနေတုန်းက မတွေ့ခဲ့မိဘူး။ တံတားအလယ်ရောက်မှ ဒီကလေးမလေး ကစားနေတာ တွေ့လိုက်ရတယ်။ သူ့ကိုလဲ ကျွန်တော်ခဏရပ်ကြည့်နေခဲ့မိတယ်။ စိတ်ထဲကလဲ တွေးနေမိတယ်။ သူ့မိဘတွေ ဘယ်ရောက်နေကြလဲ။ ကလေးမလေး အခက်မသင့် တံတားအပေါ်က ပြုတ်ကျသွားရင် အန္တရယ်ရှိနိုင်တယ်။ အဲ့ဒီလိုတွေးနေမိတဲ့အချိန် ကျွန်တော့်စိတ်ထဲမှာ လေချွန်ချင်လာတဲ့စိတ် ဖြစ်လာခဲ့တယ်။

   ဘယ်လိုပြောရမလဲ။ တပေါင်းလရဲ့ သာယာလှတဲ့ညနေခင်း။ တံတားအပေါ်ကို တိုက်ခိုက်လာတဲ့ လေ လေးတွေကလဲ လက်ဆတ်နေတာပဲ။ တစ်နေကုန် ပင်ပန်းမှုတွေ ပျောက်သွားသလိုလဲ ခံစားလိုက်ရတယ်။ စိတ်ထဲပေါ့ပါးသွားပြီး လေချွန်ချင်တဲ့ စိတ်တွေလဲ ဖြစ်လာခဲ့တယ်။ ဒါနဲ့ ကစားနေတဲ့ ကလေးလေးကိုလဲ ကျွန်တော် ရပ်ကြည့်မနေတော့ပဲ အရှေ့ဆက်လျောက်ရင်း ချင်ချင်းတတ်နေတဲ့ လေချွန်ချင်စိတ်ကို လိုက်လျောလိုက်တယ်။ လေချွန်လိုက်တဲ့ အချိန်မှာပဲတံတားအပေါ်ကို အမျိုးသမီးတစ်ယောက် ခပ်သုတ်သုတ်လျောက်လာပြီး ကျွန်တော့ကို အခုလိုတွေပြောတယ်။

     မောင်လေး… အမကိုကယ်ပါဦး သမီးလေးကိုကယ်ပါဦး
     ဗျာ!… ဘာ… ဘာကိုကယ်ပေးရမှာလဲအစ်မ
    သမီးလေးတံတားအပေါ်ကနေ ပြုတ်ကျသွားလို့ပါ ကယ်ပါ
     ဗျာ!… အစ်မသမီးလေးဆိုတာ ဟိုမှာ ကစားနေတဲ့ ကလေးမလေးမဟုတ်လား!… ဟိုမှာလေ… သူပြုတ်မကျပါဘူး
     သူပြုတ်ကျသွားတယ် အစ်မသူ့ကိုချောင်းထဲကနေ ပြန်ဆယ်ထားရတာ တော်သေးတာပေါ့

အမျိုးသမီးပုံစံက ရွက်ကြမ်းရေကျို ဦးပတိရုပ်နဲ့၊ မျက်နှာမှာလဲ စိုးရိမ်စိတ်တွေဖြစ်နေတာ တွေ့ရတယ်။ ကျွန်တော်လေချွန်လိုက်တဲ့အချိန် တံတားဘေးကနေ တံတားအပေါ်ကိုတတ်လာပြီး အခုလိုပြောတာ။ သူ့သမီးလေး တံတားအပေါ်ကနေ ချောင်းထဲပြုတ်ကျသွားတယ်။ ကယ်ပေးပါ။ ဒါပေမယ့် သူ့သမီးလေးက တံတားအပေါ်မှာ ကစားနေတယ်။ ကျွန်တော်လဲ ကြောင်တောင်တောင်နဲ့ ကလေးမလေးရှိရာဆီ လက်ညိုးထိုးပြလိုက်တယ်။ အဲ့ဒီအခါမှာ ကလေးမလေးက သူ့အမေဆီပြေးလာပြီး အခုလိုတွေပြောတယ်။

    မေမေ… ဖေဖေပြန်မလာသေးဘူးလားဟင် ဖေဖေပြန်လာပြီမဟုတ်လား အခုန ဖေဖေအသံပေးတယ်လေ
     ပြန်လာမှာပါသမီးရယ် သမီးဖေကြီး သမီးဆီပြန်လာမှာပါ
     ဟင့်အင်းဟင်အင်း ဖေဖေသမီးတို့ကိုညာသွားတာ ဖေဖေပြန်မလာတာ ကြာနေပြီလေ ဖေဖေ့ကိုပြန်ခေါ်ပေး
    စောင့်လိုက်ပါဦးသမီးလေးရယ် သမီးဖေကြီး မကြာခင် မေမေတို့ဆီပြန်ရောက်လာမှာပါ စောင့်လိုက်ပါဦးနော်

ကလေးမလေးက သူ့အမေရဲ့ လက်ကိုလှုပ်ကိုင်ပြီး ဂျစ်တိုက်နေတယ်။ အမျိုးသမီးရဲ့ မျက်လုံအိမ်တွေကလဲ အစ်နေတယ်။ ငိုထားတယ်နဲ့တူတယ်။ ကလေးမလေးပြောနေတဲ့ပုံစံဆို သူ့အဖေအပြန်ကို စောင့်နေကြတဲ့ပုံစံပဲ။ ကျွန်တော်လဲစိတ်ထဲမကောင်းဖြစ်မိတယ်။ ပြီးတော့ အမေလုပ်တဲ့အမျိုးသမီးက ကလေးမလေးကို လက်ဆွဲပြီး တစ်ဖတ်တံတားဦးကို ညိုးညိုးငယ်ငယ်နဲ့ လျောက်သွားတယ်။ ကျွန်တော်လဲ သူတို့သားအမိကို ကြည့်ပြီး စိတ်ထဲမကောင်းဖြစ်မိတယ်။ ဒါပေမယ့် ကိုယ့်လမ်းကိုယ်ဆက်လျောက်ရင်း တစ်ဖတ်တံတားဦးဆီရောက်လာတယ်။ တံတားထိပ်ရောက်တော့ အနောက်တစ်ချက်လှည့်မိတယ်။ ဒါပေမယ့် ဟိုသားမိ မရှိတော့ဘူး။ တစ်ဖတ်ကမ်းရောက်သွားကြပြီနဲ့ထင်တယ်။

                      ဟင်
          ဘာဖြစ်လို့တုန်းဘကြီးရ
    ဘာဖြစ်ရမှာတုန်းကွ မင်းပြောတဲ့ သားအမိဆိုတာ လွန်ခဲ့တဲ့ သုံးလလောက်တုန်းကမှ အဲ့ဒီတံတားအပေါ်ကနေ သားအမိနှစ်ယောက်စလုံး ရေထဲခုန်ချပြီး ကိုယ့်ကိုကိုယ်သက်သေသွားကြတာ
         ဗျာ… ဟာဗျာ… ဘကြီးကလဲ နောက်နေတာလား
      ဘယ်ကသာ နောက်ရမှာလဲငါ့တူရာ မင်းအမေ ဘကြီးဆီလာနေပြီလို့ ဖုန်းဆက်ကတည်းက တို့လင်မယားနှစ်ယောက် မျှော်နေကြတာ ဒါပေမယ့် မင်းရောက်လာရင် လမ်းမှားပြီး အဲ့ဒီတံတားကိုဖြတ်မိမှာဆ်ုးလို့ ကားဂိတ်ကနေ လာစောင့်နေတယ်။ ဒါပေမယ့် ညနေသုံးနာရီလောက်ထိ မင်းမရောက်သေးတာနဲ့ မင်းဖုန်းကိုဆက်ကြည့်တယ်။ ဒါပေမယ့် ဆက်သွယ်ရေးဧရိယာပြင်ပရောက်နေတယ်။ မင်းအမေဆီကို ဆက်ကြည့်တော့လည်း မနက်ကတည်းက ထွက်သွားတာလို့ပြောတယ်။ အခုတော့ မင်းအဲ့ဒီတံတားအပေါ်ကို ဖြတ်လျောက်တော့ မင်းကိုခြောက်လန့်လိုက်ပြီမဟုတ်လား။

    ဗျာ … ဘကြီးတကယ်ပြောနေတာလား
    ဟုတ်တယ်… သူတို့သားအမိသားဖ သုံးယောက် တို့ရွာဘက်ကိုပြောင်းလာတာ မကြာသေးဘူး။ ဘယ်ကနေပြောင်းလာကြမှန်းလဲမသိဘူး။ ညနေဆောင်းဆိုရင် သူ့ယောကျာ်းအလုပ်အပြန် ကလေးမလေးနဲ့ အဲ့ဒီတံတားအပေါ်မှာ နေ့တိုင်းလိုလိုစောင့်နေကြကွ။ နောက်တော့ လင်မယားချင်းစကားများကြတယ်။ ငါတို့သဲ့သဲ့ကြားတာတော့ ယောကျာ်းက နောက်မီးလင်းလို့ဆိုလားပဲ။

     အဲ့ဒါနဲ့ သူ့မိန်းမနဲ့စကားပြောပြီး ယောကျာ်းလုပ်တဲ့သူက အိမ်အပေါ်ကဆင်းသွားတယ်။ အမေလုပ်တဲ့သူနဲ့ သမီးလုပ်တဲ့ကလေးမလေးကတော့ အဲ့ဒီတံတားအပေါ်မှာ အမြဲစောင့်နေတာတွေ့တယ်။ တစ်နေ့ အဲ့ဒီတံတားအပေါ်ကနေ သားအမိနှ်းယောက်စလုံး ချောင်းရေတတ်တဲ့ချိန် ရေထဲခုန်ချပြီး ကိုယ့်ကိုကိုယ်အဆုံး စီရင်သွားကြတာပဲ။ ပွဲတွေလန်းတွေပေးပြီး အလောင်းပြန်ဖော်ထားရတယ်။ ရွာကလူတွေလဲ သတ်ဆိုင်ရာကိုအကြောင်းကြားပြီး ကောင်းကောင်းသဂျိုးပေးထားခဲ့တယ်။ သူ့ယောကျာ်းကတော့ အခုချိန်ထိ ဘယ်တွေရောက်နေမှန်းမသိသေးဘူး။

    သူတို့သားအမိနှစ်ယောက် သေပြီးသိပ်မကြာခင် ညဘက်တွေဆိုရင် လူငယ်တွေ လေချွန်မိကြတယ်။ အဲ့ဒီအခါဆိုရင် သေသွားတဲ့အမျိုးသမီးက ထွက်လာပြီ။ သူ့သမီးလေးရေထဲကျသွားလို့ ကယ်ကြပါလို့ထွက်အော်တော့တာပဲ။ ပြီးတော့ တံတားအပေါ်မှာ ပုဆိုးဝတ်မိတဲ့ ယောကျာ်းလေးတွေဆိုရင် အရှေ့ဆက်လျောက်လို့မရအောင် အနောက်ကနေ ဆွဲထားသလိုခြောက်လန့်တတ်တယ်ကွ။ လေချွန်တာကတော့ သေသွားတဲ့ အမျိုးသမီးရဲ့ယောကျာ်းက ကလေးမလေးကို အချက်ပေးပြီး သူပြန်လာပြီဆိုတဲ့အကြောင်း အချက်ပြတဲ့ သဘော။ ဒါကြောင့် အဲ့ဒီတံတားအပေါ်မှာ လေချွန်မိတာနဲ့ သေသွားတဲ့အမျိုးသမီး ထွက်လာတာပဲ။ ပြီးရင် ကလေးမလေးကို ကယ်ခိုင်းတယ်။

    ပုဆိုးဝတ်တဲ့အကြောင်းကတော့ ဘာကြောင့်လဲဆိုတာ ဘယ်သူမှမသိနိုင်တဲ့ မဟေဠိတစ်ခုပေါ့လေ။ ဘာကြောင့်မှန်းမသိဘူး။ တံတားအပေါ်မှာ ပုဆိုးဝတ်မိရင် နာနာကျည်းကျည်းနဲ့ကိုး ခြောက်လန့်တတ်တာ။

    ဒါဆို ကျွန်တော်မြင်ခဲ့ရတာ သေသွားတဲ့အမျိုးသမီးနဲ့ သူ့သမီးလေးရဲ့ ဝိဥာဉ်ပေါ့ဟုတ်လားဘကြီး
    ဖြစ်နိုင်တယ် အဲ့ဒီတံတားအပေါ်ကို အကြောင်းသိတဲ့သူတွေ ဘယ်သူမှဖြတ်မလျောက်ကြတော့ဘူးကွ။ သက်ဆိုင်ရာကိုအကြောင်းကြားပြီး အမျှပေး ကုသိုလ်လုပ်ပေးတယ်။ ဒါပေမယ့်မရပါဘူး။ နဂိုအတိုင်းပဲ အဲ့ဒီတံတားအပေါ်မှာ သူတို့သားအမိရှိနေတုန်း။ ဘကြီးအထင် သူ့ယောကျာ်း သူတို့ဆီပြန်မလာမချင်း သာဓုခေါ်နိုင်မယ်လို့ မထင်ဘူး။

    တချို့တလေ မိုးမလင်းခင်အခ်ျန် အလုပ်သွားအလုပ်ပြန်သမားတွေ ပြောကြတာတော့ အဲ့ဒီတံအပေါ်မှာ သားအမိနှစ်ယောက်ကို ခဏခဏတွေ့ရတယ်လို့ပြောသံကြားတယ်။ နောက်တော့ ရွာနီးခြောက်စပ်တွေအကုန်လုံး တံတားအပေါ်ဖြတ်လျောက်မိတာနဲ့ သူတို့သားအမိကိုတွေ့လို့ ကြောက်လန့်ပြီး ဘယ်သူမှ ဖြတ်မလျောက်ကြတော့တာ တော်တော်လေးကြာနေပြီ။ သက်ဆိုင်ရာကလဲ အဲ့ဒီတံတားကိုဖြတ်ပစ်မယ်လို့ပြောသံ ကြားခဲ့ရသေးတယ်။ ဒါပေမယ့် အခုချိန်ထိ အကောင်ထည်မဖော်နိုင်တာ ဘာကြောင့်လဲဆိုတာတော့ ဘကြီးလဲမသိဘူးဟေ့။

                                *****
   ဖြစ်ရပ်ဆန်းကြယ် ဖြစ်ရပ်အမှန်
    ပဲခူးတိုင်းဒေသကြီး၏ အမည်မဖော်လိုသော တောကျကျနေရာလေးတစ်ခုတွင် ပိတ်ထားခဲ့သော ချောင်းကူးတံတားလေးသည် ယနေ့အချိန်ထိ တည်ရှိနေခဲ့သေးသည်။
        ထိုအကြောင်းများအားလည်း သိရှိသူများရှိနေပါလိမ့်မည်။ အမှားပါလျင် ဖြည့်စွတ်နားလည်ပေးပါ။

Credit-စာရေးသူ- ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။

   

No comments:

Post a Comment