ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 13, 2017

သင့်အသားရည်အတွက် သတိထားရမည့်အချက်(၅)ချက်


အသားအရေနဲ့ပတ်သက်ပြီး လူတွေပြောကြတာတစ်ခုရှိပါတယ်။ အသက်နှစ်ဆယ်အရွယ်မှာအမွေရထား တဲ့ အသားအရေ ၊ အသက်(၄၀)အရွယ်မှာ ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေ ၊ အသက် (၆၀)မှာ ကြိုးစားရယူထားတဲ့အသားအရေကို လူတွေပိုင်ဆိုင်ကြတယ်လို့ဆိုပါတယ်။ အကောင်းဆုံးအသားအရေ နဲ့မွေးဖွားခဲ့လာပေမဲ့ ကိုယ့်ရဲ့နေထိုင်မှုပုံစံက ကိုယ့်မှာရှိသင့်ရှိထိုက်တဲ့အသားအရေနဲ့ ကြိုးစားရယူထားတဲ့ အသားအရေဆိုတာ ဘယ်လိုလဲဆိုပြီး ဆုံးဖြတ်ပေးပါတယ်။ အများစုဟာ ကိုယ့်ထိန်းချူပ်မှုအောက်မှာပဲ ရှိတာမို့ သတိပြုသင့်ပါတယ်။

ရန်သူနံပါတ်(၁) နေရောင်ခြည်

နေရောင်ခြည်ဟာအကာအကွယ်ယူမထားတဲ့ အရေးပြားအတွက် အကြီးမားဆုံးရန်သူပါပဲ။ အရေပြားတွန့်တာ၊ အသားအရေညိုမည်းတာ၊ နေလောင်ကွက် ဖြစ်သွားတာတွေ ဟာ နေရောင် ခြည်ကြောင့်ပါ။ Vitamin D ရဖို့လိုပေမယ့် လိုတာထက်ပိုများတဲ့ နေရောင်ခြည်က အရေပြားကို ဖျက်စီးနိုင်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အရေးပြားထဲကို ထိုးဖောက် ၀င်ရောက်နိုင်ပြီး အရေပြားဆဲလ်တွေ တစ်ခုကိုတစ်ခု ချော့ချော့မွေ့မွေ့နဲ့ ကပ်နေအောင် တွဲကပ်ပေးထားတဲ့ ပရိုတင်း(ကိုလတ်ဂျင် Collagen)ကို ပျက်စီးစေပါတယ်။ အကောင်းဆုံးနည်းကတော့နေပူမမိအောင်နေဖို့၊ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးနိုင်တဲ့ လိမ်းဆေး(Sunscreen) လိမ်းဖို့ပါပဲ။ နေလောင်ဒဏ်ခံရပြီးပြီ ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ပြဖို့လိုပြီး အများအားဖြင့် Vitamin A ပါဝင်တဲ့ လိမ်းဆေးတွေ လိမ်းရဖို့ရှိပါတယ်။ ဟိုတစ်ကွက် ဒီတစ်ကွက်ဖြစ်နေတဲ့နေလောင်ကွက်တွေ ကိုတော့ လေဆာကုထုံးနည်းနဲ့ ကုလို့ရပါတယ်။

ရန်သူနံပါတ်(၂) ဆေးလိပ်

ဆေးလိပ်သောက်ခြင်းကြောင့် အရေပြားဆဲလ်မှာ အောက်ဆီဂျင် လိုသလောက် မရတဲ့ အတွက် ဆေးလိပ်သောက်သူတွေရဲ့ အသားအရေဟာလည်း မီးခိုးရောင်ဖျော့ဖျော့ရှိနေတတ်ပါတယ်။ ဒဏ်ရာရခဲ့ရင်လည်း အနာကျက်နှေးတတ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ရေဓာတ်ခန်းခြောက်တဲ့ အသားအရေရှိတတ်ပြီး ကိုလတ်ဂျင် လုပ်ဖို့လိုအပ်တဲ့ Vitamin C အပါအ၀င် ဗိုက်တာမင်များနဲ့ သတ္တုဓာတ်တို့ ရေရှည်ချို့တဲ့လေ့ရှိပါတယ်။ အကောင်းဆုံးကတော့ ဆေးလိပ်ကို တတ်နိုင် သလောက် လျှော့သောက်ဖို့ပါ။ အရေးပြားမှာ ရေဓာတ်မခန်းခြောက်ရအောင်ရေများများသောက်ဖို့လိုသလို သင့်တော်တဲ့ မွိုက်ချာရိုက်ဇာ(Moisturizer) တစ်ခုခုကိုလည်း သုံးဖို့လိုပါတယ်။ အရေပြား တွန့်တာ ပျောက်ကင်းသက်သာအောင် Vitamin C နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း (Antioxidant) ဆေးပြားတွေကို သုံးစွဲဖို့လိုအပ်ပြီး ကိုလတ်ဂျင် များများထုတ် လာအောင် လေဆာကုထုံး ကိုလည်း သုံးနိုင်ပါတယ်။

ရန်သူနံပါတ်(၃) အိပ်ရေးပျက်ခြင်း

စိတ်ဖိစီးလို့၊ အလုပ်ဒဏ်ပိနေလို့ အပျော်အပါးများလို့ ဘယ်အကြောင်းနဲ့ပဲ အိပ်ရေးပျက်ပျက် အရေးပြားကို ထိခိုက်တာပါပဲ။ ရက်အနည်းငယ်လောက် အိပ်ရေးပျက်တာနဲ့ မျက်တွင်းချိုင့်ချိုင့်နဲ့ ၀ါကျင်ကျင် အသားအရေကိုတွေ့ရတတ်ပါတယ်။ ပိုဆိုးတာက ရက်အတော်ကြာအောင် အိပ်ရေးပျက်လာတာနဲ့ မျက်လုံးအောက်မှာအရေကြောင်းတွေ၊ အမည်းဝိုင်းတွေ ပေါ်လာတတ်တာပါပဲ။ ဒါတွေပျောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အချိန်မှန်အိပ်၊ အချိန်မှန်ထဖို့ပါပဲ။

 ရန်သူနံပါတ်(၄) ကိုယ်အလေးချိန်ပြောင်းလဲခြင်း

အရေးပြားဆိုတာ ဆွဲဆန့်လို့ရတဲ့ ရာဘာတစ်ခုမဟုတ်ပါဘူး။ ဒါကြောင့်ရုတ်တရက်ကိုယ်အလေးချိန် တိုးလာရင်အရေပြားမှာ အစင်းကြောင်းတွေပေါ်လာတတ်သလို ကျသွားရင်လည်း အရေးပြား တချို့နေရာတွေမှာတွဲကျနေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းထားနိုင်ဖို့ လိုအပ်ပြီး လျှော့မယ်ဆိုရင်လည်း ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လျှော့သင့်ပါတယ်။ အစင်းတွေပျောက်ဖို့ ကတော့ လေဆာကုထုံးနဲ့ Vitamin A ပါဝင်တဲ့ လိမ်းဆေးတို့ကိုလည်း သုံးစွဲဖို့လိုအပ်ပါတယ်။

ရန်သူနံပါတ်(၅) ရာသီဥတု နဲ့ ပတ်ဝန်းကျင်အခြေအနေ

ခြောက်တွေ့တဲ့ရာသီဥတု၊ ညစ်ညမ်းတဲ့လေထု၊ ဖုန်ထူတဲ့ပတ်ဝန်းကျင်၊ စိတ်ဖိစီးမှုများတဲ့ပတ်ဝန်းကျင်တွေ ကလည်းအရေးပြားကို ထိခိုက်စေပါတယ်။ အရေပြားဆဲလ်ကို ထိခိုက်စေပြီး အရေပြားရဲ့ အဓိကဒေါက်တိုင်ဖြစ်တဲ့ ကိုလတ်ဂျင်ကို ပျက်စီးယိုယွင်းစေလို့ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေထုကြောင့် အရေပြားဟာ သူရဲ့စိုထိုင်းဆကို ကောင်းကောင်းမထိန်းနိုင်ဘဲ ခြောက်သွေ့ကြမ်းတမ်းလာပါတယ်။ အရေပြားမှာရှိတဲ့ ချွေးပေါက်လေးတွေပိတ်သွားပြီး ၀က်ခြံတွေ၊ ကြာဆူး(အမည်းစက်နဲ့)တွေ ထွက်လာ တတ်ပါတယ်။

စိတ်ဖိစီးမှုကြောင့် ကိုယ်ထဲကထွက်လာတဲ့ ဓာတ်တိုးပစ္စည်း(Free Radical)ကလည်း အိုးမင်းရင့်ရော်မှု မြန်မြန်ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုက အသားအရေညှိုးနွမ်းစေပြီး မကြာခဏမျက်မှောင်ကျုံ့ရာကနေလည်း အစင်းတွေ ထင်စေပါတယ်။ ဒါ့အပြင် အရေပြားကို သဘာဝအလျောက် စိုထိုင်းဆထိန်းညှိပေးတဲ့ လစ်ပတ်ဘယ်ရီရာ(Lipid Barrier)ကလည်း စိတ်ဖိစီးမှုကိုလျော့နည်းစေပါတယ်။

ခြောက်သွေ့တဲ့အသားအရေရှိရင် လိုတာထက်ပိုပြီး ဆပ်ပြာနဲ့ မျက်နှာမသစ်သင့်ပါဘူး။ မိတ်ကပ် ဖျက်စရာမရှိရင် ရေကိုပဲသုံးသင့်ပါတယ်။ ပြင်းအားများတဲ့ မွိုက်ချာရိုက်ဇာ(Moisturiser) သုံးပြီး ကိုယ့်အရေပြားကို တစ်နေ့လုံး ခြောက်သွေ့မသွားအောင် လုပ်ထားရပါမယ်။ ဒါဆိုခြောက်သွေ့မှုကြောင့် ဖြစ်ရတဲ့အရေပြားတွန့်နေတာတွေ ပျောက်ကွယ်သွားမှာပါ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidants)တွေ

ဖြစ်တဲ့ Vitamin A, C, E ကလည်း ဓာတ်တိုးပစ္စည်းကြောင့် ဖြစ်ပေါ်လာတဲ့ အစင်းတွေကိုလျော့နည်းစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: GoldenPlaceMyanmar

No comments:

Post a Comment