မိမိချစ်ရသူ၊ မိမိရဲ့ ဘ၀ကြီးတစ်ခုလုံး ပုံပေးထားရသူက တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ သိလိုက်ရသူအတွက်တော့ အဲ့ဒီအချိန်ဟာ ကမ္ဘာကြီးခေတ္တရပ်တန့်သွားသလို ခံစားရတဲ့ အချိန်ပါပဲ။ ဒါပေမယ့် သင်ဟာအချစ်ကြီးလွန်းသူ၊ ချစ်သူအပေါ် နားလည်ပေးတတ်သူတစ်ဦး ဖြစ်တယ်ဆိုပါစို့။ သင့်ချစ်သူက ပြန်တောင်းပန်တဲ့အခါ သင့်မှာခွင့်လွှတ်ပစ်လိုက်ချင်စိတ်တွေ ပေါ်လာတဲ့အခါ၊ ဒါပေမယ့် စိတ်ထဲမှာလည်း ဘယ်လိုမှခွင့်လွှတ်မပေးနိုင်သလို ခံစားရတဲ့အခါ ဘယ်လိုဆက်လုပ်မလဲ?
၁ - စိတ်ထဲမှာမေးချင်သမျှ မေးခွန်းတိုင်းကိုအကုန်မေးပါ။
နောက်ကျမှ တစ်စိမ့်စိမ့်သံသယ၀င်နေတာမျိုးထက် အခုအချိန်ကတည်းက မိမိသိလိုသမျှအရာရာတိုင်းကို မေးခွန်းထုတ်ပါ။ ဘယ်လိုအခြေအနေထိ ဖြစ်ခဲ့လဲ၊ ဘာကြောင့်ဒီလိုဖြစ်တာလည်း၊ ဘယ်တွေသွားပြီး ဘာတွေလုပ်လဲစသဖြင့် စိတ်ခံစားချက်နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို အဓိကထားမေးပါ။ မိမိစိတ်ထဲ သိချင်တာတွေ မကျန်ခဲ့ပါစေနဲ့။
၂ - သင့်ရဲ့ခံစားချက်တွေကိုပြောပါ။
သင်စိတ်တိုတာတွေ၊ ဒေါသထွက်တာတွေ၊ အော်ဟစ်တာတွေကို သူကိုခံခိုင်းပါ။ သူတကယ်တောင်းပန်ချင်တယ်၊ မှားမှန်းသိတယ်ဆိုရင်တော့ ခံပါလိမ့်မယ်။ သင့်ရင်ထဲမှာ ဒီအဖြစ်အပျက်အတွက် ခံစားရသမျှ၊ နာကျင်ရသမျှ အရာရာတိုင်းကို သူ့ကိုသိရှိနားလည်ခိုင်းလိုက်ပါ။
၃ - တောင်းဆိုပါ။
နောက်မလုပ်တော့ဘူးဆိုတဲ့ ပြတ်သားခိုင်မာသောကတိ၊ ဒီအပြစ်အတွက် သင့်အပေါ် ပြန်ဖြည့်ဆည်းပေးရမယ့် အရာတွေ၊ ပြီးတော့ သင့်ရဲ့အခြားနောက်ဆက်တွဲ တောင်းဆိုမှုတွေကို ပွင့်ပွင့်လင်းလင်း ပြောထားပါ။ ယုံကြည်မှုဆိုတာ တစ်ခါပျက်ပြီးရင် ပြန်ပြင်လို့မရတဲ့ အမျိုးမို့ ဒီအချက်အပေါ် နားလည်ပါစေ။
၎ - အမှတ်တရအဖြစ်အပျက်တွေကို ပြန်လည်ဖန်တီးပါ။
သင်တို့ယခင်က ဖြစ်ပျက်ခဲ့တဲ့ နှစ်ဦးကြားက အမှတ်တရအဖြစ်အပျက်တွေ၊ ပျော်စရာအတိတ်နေ့ရက်လေးတွေကို ပြန်ပြောင်းပြောဆို သတိရပါ။ ထပ်မံပြီးတော့လည်း ကြည်နူးဖွယ်ရာ အခိုက်အတန့်လေးတွေ ထပ်မံဖန်တီးပေးပါ။ ဒါဟာညှိုးလုလုဖြစ်နေတဲ့ သင်တို့ရဲ့ အချစ်ပန်းလေးအတွက် မြေသြဇာပါပဲ။
၅ - ဒီအကြောင်းအရာကို လျှိုဝှက်ထားပါ။
သင့်ရှေ့ဆက်လက်တွဲမယ့် သင့်ချစ်သူဟာ သစ္စာဖောက်ဖူးသူတစ်ဦးဖြစ်ကြောင့် သင့်အပေါင်းအသင်းတွေကို ပြောပြရန်မသင့်ပါဘူး။ ဒီတော့ မလိုအပ်ရင် ကိုယ့်ရင်ထဲက အပူကို ကိုယ့်ထဲမှာပဲ ထားလိုက်ပါ။ ဒီအတွက် သင်ဟာနောက်ပိုင်းမှာ စိတ်ညစ်စရာကိစ္စတွေ၊ မျက်နှာငယ်စရာ ကိစ္စတွေကို ရှောင်နိုင်သွားမယ်လေ။
Credit : Momolay
No comments:
Post a Comment