နွေရာသီရောက်ပြီဟေ့ဆိုရင် ပျိုမေတော်တော်များများက ကာလာအဖျော့လေးတွေ၊ အဖြူရောင်တွေကို အပူသက်သာစေဖို့ ရွေးချယ်ဝတ်ဆင်တတ်ကြတာ သဘာဝပါ။ ဘောင်းဘီဆိုရင်လည်း ဂျင်းကိုမှ အပြာတွေ၊ အနက်တွေချည်း များနေတဲ့အခါ ထူးထူးခြားခြားလေး ဖြစ်အောင် အဖြူရောင်ဝတ်မယ် ကွာဆိုပြီး ၀ယ်ထားတတ်ကြတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်ပြီးကတည်းက ဂျင်းအဖြူဝတ်လိုက်ရင် အသားပဲ မည်းသွားသလို၊ ဟိုအကျီနဲ့မလိုက်၊ ဒီတီရှပ်နဲ့ဆို တစ်မျိုးဖြစ်သလို ခံစားနေရတာမို့ ပြန်ပြန်သိမ်းထားမိနေတယ်လေ။ အဲ့ဒီလို ခံစားနေရတဲ့သူတွေအတွက် ဂျင်းအဖြူကို ဘယ်လိုအထာကျအောင် ၀တ်ဆင်နိုင်သလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။
၁။သူတို့ကို ၀တ်နေကျ ဂျင်းဘောင်းဘီတွေလိုပဲ ၀တ်ဖို့အရေးကြီးပါတယ်။အပေါ်မှာပြောသလို စိတ်ထဲ အဖြူရောင်ဂျင်းဘောင်းဘီမို့ အူကြောင်ကြောင်လို့ ခံစားနေရရင် ရိုးရိုးသာ တွဲဖက်လိုက်ပါ။ ကိုယ်က ရှပ်လေးတွေ ကြိုက်ရင် ရှပ်အကျီလေးတွေနဲ့၊ ဆွယ်တာ အပါးလေးတွေ သဘောကျရင် ဆွယ်တာ အပါးလေးတွေနဲ့၊ ဒါမှမဟုတ် ဘလောက်အကျီလေးတွေနဲ့ အဆင်ပြေသလို တွဲဖက်ဝတ်ဆင်ပါ။ စိတ်ထဲ အဖြူရောင်ကြီး၊ ထူးခြားနေတယ်ဆိုတာကြီး မေ့ထားပြီး ၀တ်နေကျ ဂျင်းဘောင်းဘီတစ်ထည်လိုပဲ စိတ်ထဲထည့်ထားဖို့ အရေးကြီးတယ်နော်။
၂။ဂျင်းအဖြူဟာ တွဲဝတ်တတ်ရင် ၀တ်တတ်သလို ထသွားထလာကနေ ပွဲတက်အထိ အဆင်ပြေပါတယ်။အဖြူရောင်မို့ ကြောင်တယ် ထင်ကြတယ်ဟုတ်။ တကယ်တော့ အဖြူရောင်မို့ ထူးခြားနေတာမျိုးပါ။ သူ့ကို ကိုယ့်စိတ်ကြိုက် မိန်းကလေးဆန်ဆန်လေး တွဲဝတ်မလား၊ ယောင်္ကျားလေးလို ခပ်မိုက်မိုက် ၀တ်ဦးမလား၊ ဒေါက်နဲ့စီးမလား၊ sneaker နဲ့သွားမလား၊ ထူးခြားတာကလေ သူက ထသွားထလာကနေ ပွဲတက်အထိ ရွေးချယ်နိုင်တဲ့အရာဆိုတာပါပဲ။
၃။တစ်ကိုယ်လုံး တစ်ရောင်တည်း ၀တ်မယ်ဆိုရင်လည်း အိုခေပါပဲ။ဟိုးအရင်ကတော့ အပေါ်အဖြူ၊ အောက်အဖြူဆို အစခံလိုက်ရမယ့်ဖြစ်ခြင်း။ ခုလိုခေတ်ကြီးထဲမှာ အောက်က ဂျင်းအဖြူနဲ့ အပေါ်ကလည်း top အဖြူလေး ၀တ်ထားမယ်။ ဒါကိုမှ ဖိနပ်က အဖြူ ဆိုရင်တောင် အားလုံးက သင့်ကို ငေးကြည့်ရုံကလွဲပြီး ဘာမှပြောမှာ မဟုတ်တော့ပါဘူးနော်။ Monochromatic သဘောကျတဲ့သူတွေဆိုရင် အပေါ်အဖြူ အောက်အဖြူ ၊ ဖိနပ်အဖြူ ၊ ကြိုက်သလိုသာ ၀တ်ပစ်လိုက်စမ်းပါ။ အားလုံးအေးဆေး။
၎။ အဖြူချည်းပဲ တစ်ကိုယ်လုံးမဆင်ချင်ရင် ကာလာဖျော့တွေနဲ့တွဲပါ။အဖြူနဲ့အနက်ကြီး တွဲဝတ်သွားရင် စပ်ဖြဲဖြဲကြီး ဖြစ်နေတယ်လို့ ခံစားရတဲ့ ပျိုမေတွေအတွက် ဂျင်းအဖြူနဲ့ အထူးလိုက်ဖက်တဲ့ ပန်းနုရောင်၊ အ၀ါနု၊ အသားရောင်၊ အညိုနု စတဲ့ကာလာလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သေးတယ်နော်။
၅။စူပါမော်ဒယ်တွေကတော့ ဂျင်းအဖြူနဲ့ဆို nude ဘက်ရောက်တဲ့ ဖိနပ်လေးတွေ ကို ရွေးချယ်ကြပါတယ်တဲ့။ဒါကတော့ နိုင်ငံတကာက စူပါမော်ဒယ်တွေရဲ့ အကြိုက်ပေါ့။ သူတို့က များသော အားဖြင့် ဘောင်းဘီအဖြူ ၀တ်တဲ့အခါ ခြေထောက်ကိုမည်းသွားတယ် ထင်ရမှာစိုးပါတယ်တဲ့။ ဒါ့ကြောင့် များသောအားဖြင့် ဖိနပ်ဆိုရင် Nude ကာလာလေးတွေကိုသာ ရွေးချယ်တတ်တယ်လို့ ဆိုထားကြပါတယ်။
၆။ ဂျင်းဘောင်းဘီအဖြူတွေမှာမှ ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကိုရွေးချယ်ဖို့ကတော့ အရေးအကြီးဆုံးပါ။ ကိုယ်က Boyfriend ဂျင်းတွေ ၀တ်နေကျဆိုရင် ဂျင်းအဖြူကိုလည်း Boyfriend ဂျင်းရွေးတာ ကောင်းပါတယ်။ ထူးခြားအောင်ဆိုပြီး ခေါင်းလောင်းဘောင်းဘီမျိုး ဂျင်းအဖြူဝယ်ပြီးမှ တွဲစပ်ရတာ ခက်နေတာမျိုး ဖြစ်မှာစိုးလို့ပါ။ အဲ့ဒီလိုမဟုတ်ပဲ ကိုယ်က ခေါင်းလောင်းဘောင်းဘိလေးတွေလည်း ၀တ်ဖူးတယ်။ အဆင်ပြေတယ်ဆိုရင်တော့ ဂျင်းအဖြူကိုလည်းခေါင်းလောင်းဘောင်းဘီအောက်အကားဒီဇိုင်းရွေးချယ်နိုင်ပါတယ်။
No comments:
Post a Comment