အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဖြစ်ပေမဲ့ ဂီတအနုပညာကို ၀ါသနာကြီးလွန်းတာကြောင့် အင်ဂျင်နီယာမလုပ်ဖြစ်ပဲ ဂီတလောကထဲကိုရောက်ရှိလာသူကတော့ Myanmar Idol Season 1 က Mဇော်ရိန်ဖြစ်ပါတယ်။ သူဟာ မွေးရပ်ဇာတိမြေက ပျဉ်းမနားဖြစ်ပေမဲ့ ယခုဆိုရင်ရန်ကုန်မှာ အခြေချကာ ဂီတလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လုပ်ကိုင်နေသူတစ်ဦးဆိုရင်လည်း မမှားပါဘူး။ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်လေးကလဲ သူ့ကိုချစ်ခင်ကြတဲ့ ပရိသတ်အများလက်ခံအားပေးကြသလို သူကိုယ်တိုင်လဲကြိုးစားရုန်းကန်ပြီးထုတ်ခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ M ဇော်ရိန်နဲ့တွေ့ဆုံခိုက်
-အနုပညာလောကထဲကို ဘယ်ကနေ ဘယ်လိုစတင်ဝင်ရောက်ဖြစ်ခဲ့တာလဲ။
ကျွန်တော်က ပရိသတ်တွေသိပြီး သိသိသာသာဝင်ရောက်ဖြစ်ခဲ့တာကတော့ Myanmar Idol ကစတာပေါ့။ -အရင်တုန်းကရော ဂီတနဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့ဖူးလဲ။ ပြိုင်ပွဲအသေးလေးတွေဝင်ပြိုင်ခဲ့ဖူးတယ်။ ဆိုလိုက်ကြစို့ပေါ့။ အဲ့ဒီမှာဝင်ပြိုင်ဖူးတယ်။ ဒုတိယဆုရခဲ့တယ်။ နောက် ပြိုင်ပွဲအကြီးကတော့ Myanmar Idol ကပထမဦးဆုံးပေါ့။ ကျန်တာကတော့ ဘုရားကျောင်း အချင်းချင်းလူငယ်တွေပြိုင်ခဲ့တာမျိုးပဲပြိုင်ဖူးပါတယ်။
-Myanmar Idol ပြိုင်ပွဲ ကရော အစ်ကို့ကိုဘယ်လိုအတွေ့အကြုံတွေရစေလဲ။
အတွေ့အကြုံကတော့ အများကြီးပဲ။ ပြိုင်ပွဲစ၀င်ကတည်းကနေပေါ့။ Myanmar Idol မှာထူးခြားတာတစ်ခုကအမြဲတမ်း Susprise လေးတွေနဲ့သွားတယ်။ ကျွန်တော်တို့ရဲ့ အရည်အချင်းကို သူတို့ဘက်ပေါင်းစုံကနေစစ်ပါတယ်။ အောက်ခြေအဆင့်ဆင့်စပြိုင်ကတည်းကတင် Plan တွေကို ကြိုတင်သိထားတာမရှိဘူး။ ရုတ်တရက်လုပ်ရတာများတယ်။ Golden Ticket ရပြီးတဲ့အချိန် ရန်ကုန်မှာပြိုင်တဲ့ Level တွေမှာဆိုရင်လဲ အဲ့ဒီလိုပဲ။ ပြိုင်တဲ့အခါမှာ တကယ်ကိုဘာမှကြိုပြီးမပြင်ဆင်ထားနိုင်ဘူး။ သူတို့က အဲ့ဒီလိုစစ်တာများပါတယ်။ အဲ့ဒီတုန်းကဆိုရင် အရမ်းလဲကြောက်ခဲ့တယ်။ အခက်အခဲတွေလဲရှိခဲ့တယ်။ အတွေ့အကြုံသစ်တွေလဲ အများကြီးရခဲ့တယ်။
-အရင်ကရော သီချင်းဆိုတာနဲ့ပတ်သက်ပြီး သင်တန်းတွေဘာတွေတက်ခဲ့ဖူးလား။
သင်တန်းမတက်ဖူးဘူး။ ကျွန်တော်က သီချင်းဆိုတာကို အရမ်းရူးသွပ်တဲ့အတွက် ကိုယ့်ဟာကိုယ်ပဲလေ့လာဖြစ်တယ်။ နိုင်ငံခြားက အဆိုတော်တွေကိုလဲ လေ့လာသလို ကိုယ့်နိုင်ငံက အဆိုတော်တွေရဲ့ဆိုပုံဆိုပေါက်ကိုလဲလေ့လာဖြစ်တယ်။ နောက်တစ်ခုက Vocal Training နဲ့ပတ်သက်ပြီးတော့လဲ Youtube ကနေပြီးလေ့လာဖြစ်တယ်။ လေ့ကျင့်ဖြစ်တယ်။
-ဘာလူမျိုးများလဲ။
ကချင်နဲ့ကရင်စပ်ပါ။
-ဒီလောကထဲကိုပြိုင်ပွဲကနေတစ်ဆင့်ဝင်ရောက်ဖို့ကြိုးစားတဲ့အချိန်မှာ အိမ်ကကန့်ကွက်သေးလား။
သဘောတူပါတယ်။ ဒါပေမဲ့ ကျွန်တော်ဒီအရာကိုဖြစ်ချင်လို့ကြိုးစားတာတော့ကြာပါပြီ။ အိမ်မှာ ကျောင်းပြီးကတည်းက အလုပ်မလုပ်ပဲနဲ့သီချင်းပဲ လုပ်ဖြစ်နေတာဆိုတော့ ပတ်ဝန်းကျင်ကလဲပြောနေကြတယ်။ အလုပ်မလုပ်သေးဘူးဘာညာပေါ့။ အိမ်ကတော့ အလုပ်လုပ်စေချင်တယ်။ ဘာလို့လဲဆိုတာ့ ကျွန်တော်က အင်ဂျင်နီယာ Civil နဲ့ပြီးတာကိုး။ သူတို့ကပညာနဲ့အသက်မွေးစေချင်တယ်။ ဒါပေမဲ့ဂီတအလုပ်ကိုလဲမကန့်ကွက်ဘူးဆိုတော့ ကျွန်တော့်အတွက်ကောင်းသွားတာပေါ့နော်။
-စိတ်ဆိုတဲ့ တစ်ကိုယ်တော်အခွေလေးလဲထွက်ထားတော့ အခွေကရော ဘယ်တုန်းကတည်းက လုပ်ဖြစ်နေခဲ့တာလဲ။
ကျွန်တော်သီချင်းတွေစရွေးခဲ့တာကတော့ ပြိုင်ပွဲပြီးကတည်းကပေါ့။ ၉လပိုင်းအကုန်လောက်မှစလုပ်ဖြစ်တယ်။ ၁၂လပိုင်းထွက်တယ်ဆိုတော့ သိပ်မကြာလိုက်ဘူး။ သီချင်းအားလုံးပေါင်း ဆယ်ပုဒ်ပါတယ်။ သီချင်းအမျိုးအစားတွေက ကျွန်တော်ဆိုနေကြ pop song ပုံစံမျိုးလေးတွေပါတယ်။ အချစ်သီချင်းမြူးမြူးလေးတွေလဲပါတယ်။ Slow Rock လေးတွေလဲပါတယ်။
-အခွေထွက်ပြီးတဲ့အချိန်မှာရော ဘယ်သီချင်းတွေကို ကြိုက်တယ်ပြောကြလဲ။
အွန်လိုင်းကနေ နှစ်ပုဒ်အရင်ရောင်းတယ်။ ကမ္ဘာဦးချစ်သူနဲ့လိုက်ခဲ့တော့ဆိုတော့တဲ့ သီချင်းနှစ်ပုဒ်ပေါ့။ အဲ့ဒီသီချင်းလေးတွေကိုလဲတော်တော်များများကြိုက်ကြတယ်။ တကယ်တစ်ခွေလုံးနားထောင်ကြည့်ပြီးကြတဲ့အချိန်မှာ ကြိုက်တဲ့သီချင်းတွေတော့ထွက်လာတယ်။ ဒါပေမဲ့ ဆုံခွင့်ပေးပါသီချင်းကိုပိုကြိုက်ကြတယ်။ နောက်စိတ်ဆိုတဲ့သီချင်းလေးကိုလဲကြိုက်ကြတယ်။
-ပရိသတ်အကြိုက်နဲ့အစ်ကို့အကြိုက်ကရော ထပ်တူကျလား။
ကျတယ်ပြောရမှာပေါ့။ ကျွန်တော်ကိုယ်တိုင်လဲဆုံခွင့်ပေးပါကိုအရမ်းကြိုက်ပါတယ်။
-အစ်ကို ကိုယ်တိုင်ရေးထားတဲ့သီချင်းတွေရောထည့်ဖြစ်သေးလား။
ကျွန်တော်ကိုယ်တိုင်ရေးထားတာ သုံးပုဒ်ပါတယ်။ စိတ်ရယ်၊ နေတတ်သွားပြီ၊ Best Friend ရယ်ပါ။
-သီချင်းရေးတာကရော ဘယ်လိုကဘယ်လိုရေးဖြစ်သွားတာလဲ။
ဘယ်အလုပ်မဆိုစိတ်ပါရင် လိုက်ပါစီးမျောသွားရင် ဘယ်အလုပ်မဆိုလုပ်လို့ကောင်းပါတယ်။ ကျွန်တော့်သီချင်းတွေလဲအဲ့ဒီလိုပါပဲ။ သီချင်းရေးတာကလဲ စိတ်နဲ့ဆိုင်တဲ့အလုပ်ဆိုတော့ ကိုယ်ရေးနေတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပေါ်မူတည်ပြီးရေးဖြစ်တာပေါ့။
-Download Link ခေတ်ဆိုတော့ အစ်ကို့အခွေရဲ့ရောင်းအားအနေအထားကရော ဘယ်လိုရှိလဲ။
ကောင်းပါတယ်။ ကျွန်တော့်အတွက်ကရက်ပိုင်းပဲရှိသေးတာဆိုတော့ ဘာပဲဖြစ်ဖြစ် Review လေးတွေလဲကောင်းပါတယ်။ Link တင်တဲ့သူတွေကိုလဲ ကျွန်တော်ကောင်းသည်ဆိုးသည် မပြောချင်ပါဘူး။ သူတို့တင်တဲ့အတွက်စီးပွားရေးအရမကောင်းပေမဲ့ ဒီလိုတင်ပေးလိုက်တဲ့အတွက်ကြော်ငြာတစ်ခုတော့ဖြစ်တာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်ဘယ်ကနေပဲ အားပေးအားပေးကျွန်တော်ကတော့ ကျေနပ်ပါတယ်။
-ဂီတပိုင်းနဲ့ပတ်သက်ပြီး အခွေထွက်ပြီးနောက်ပိုင်းမှာရော ဘာတွေလုပ်ဖြစ်နေသေးလဲ။
ကျွန်တော် စိတ်ကတော့တော်တော်လေးလဲအေးသွားပြီ။ နယ်ပွဲတွေကိုလဲဆက်ဆိုဖြစ်မယ်။ တခြားလက်ခံထားတဲ့ရှိုးလေးတွေလိုက်ဆိုဖြစ်မယ်ပေါ့။
-၂၀၁၇ မှာဂီတနဲ့ပတ်သက်ပြီး စလုပ်ဖြစ်မဲ့အရာကရော ဘာများဖြစ်မလဲ။
ကျွန်တော်ဘာကိုကြိုးစားမလဲဆိုတော့ကျွန်တော့်အခွေရဲ့ အမ်တီဗီပိုင်းကိုကြိုးစားရမယ်။ ဖြေးဖြေးချင်းရိုက်သွားမယ်။ ရွေးမရိုက်ဘူး။ အကုန်ရိုက်မှာပါ။ သရုပ်ဆောင်တာတော့ ၀ါသနာပါတယ်။ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ဖြစ်မဖြစ်ကတော့ မသေချာသေးပါဘူး။
-အခုလက်ရှိ Myanmar Idol မှာပြိုင်နေတဲ့ လူငယ်တွေကိုရော ဘယ်လိုအကြံပေးစကားပြောချင်လဲ။
ကျန်းမာရေးဂရုစိုက်ပါလို့မှာချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ပြိုင်နေတဲ့အချိန်တုန်းကလဲ ရာသီဥတုအကူးအပြောင်းစပ်ကြားကာလကြီးဆိုတော့ နေမကောင်းဖြစ်တဲ့အခါ သီချင်းဆိုရတာ အဆင်မပြေဘူး။ အချင်းချင်းကတော့ နားလည်ပေးလို့ရပေမဲ့ ပြိုင်ပွဲဖြစ်နေတဲ့အခါကျတော့ ကျန်းမာရေးကြောင့် အမှားအယွင်းဖြစ်သွားတဲ့အခါကျတော့ ကိုယ့်အတွက် အများကြီးဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်။ ကျန်းမာရေးဂရုစိုက်ပါ။ ကိုယ်ရလာတဲ့ theme ပေါ်မှာအကောင်းဆုံးကြိုးစားပါ။ တချို့သီချင်းတွေကကိုယ့်စိတ်ကြိုက်ဖြစ်သလိုကိုယ့်စိတ်ကြိုက်မဖြစ်တာတွေလဲရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရလာတဲ့သီချင်းအပေါ်မှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပါလို့ပဲပြောချင်ပါတယ်။
-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။
အေးအေးဆေးဆေးပါပဲ။ တစ်ယောက်တည်းပဲ။ အေးဆေးပဲ။ အခုချိန်မှာအလုပ်ဆိုတဲ့အရာကိုပဲခေါင်းထဲ ထည့်ဖြစ်တယ်။ ဒီအလုပ်လုပ်နေတဲ့အတွက်ဥပမာ ထားထားတယ်ဆိုရင်တောင် သူ့အတွက်ကို ကျွန်တော်အချိန်မပေးနိုင်ဘူး။ အဲ့ဒီလိုအခါကျတော့ မကောင်းဘူးလေ။ အခုချိန်မှာတစ်ယောက်တည်းနေတာက ပိုအဆင်ပြေလို့တစ်ယောက်တည်းပဲနေဖြစ်နေတာပါ။
Credit
No comments:
Post a Comment