ဟာသ ရသ ဗဟုသုတမျိုးစုံကို ကူးယူဖတ်ရှူနိုင်ပါတယ်။

Breaking

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

ကိုယ်စိတ်နှစ်ဖြာကျမ်းမာကြပါစေ...!

Saturday, May 27, 2017

ထူးချွန်ထက်မြက်တဲ့ခေါင်းဆောင်ကောင်းတိုင်း နားလည်လက်ခံထားတဲ့ လူမှူဆက်ဆံရေးအချက်(၅)ချက်


အောင်မြင်မှုရရှိဖို့ဆိုရင် အကျိုးရှိရှိ ပေါင်းသင်းဆက်ဆံတတ်ဖို့က အရေးကြီးတယ်။



စီးပွားရေးလောကထဲကို ရောက်လာသူတိုင်း အောင်မြင်မှုရရှိဖို့ဆိုရင် အကျိုးရှိရှိ ပေါင်းသင်းဆက်ဆံတတ်ဖို့က အရေးကြီးတယ်။ ကိုယ်က ဆက်ဆံရေးညံ့ဖျင်းနေရင်တော့ ကိုယ့်ရလဒ်ကလည်း ကောင်းလာမှာမဟုတ်ဘူး။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ပေါင်းသင်းဆက်ဆက်ဆံရေးက လူတစ်ယောက်ကို ကောင်းတဲ့ဘက်မှာ ရော ဆိုးတဲ့ဘက်မှာပါ ပေါ်လွင်အောင်လုပ်ပေးနိုင်တယ်။ ဖြစ်ထွန်းအောင်လည်း ဖန်တီးပေးနိုင်တယ်။ အဲဒီလိုပဲ စုပေါင်းလုပ်ဆောင်လာ အောင်လည်း တိုက်တွန်းပေးနိုင်သလို ဉာဏ်ကွန့်မြူးလာအောင်၊ တစ်နည်းအားဖြင့် ဉာဏ်ပွင့်လာအောင်လည်း လုပ်ဆောင်ပေးနိုင်တယ်။



ဒါကြောင့် လူမှုကျမ်းကျေအောင် သင်ယူလေ့ကျင့်ခြင်းက သာမန်လူတစ်ယောက်အဖြစ်ကနေ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ်ကို တွန်းပို့ပေးနိုင်တဲ့ အရည်အချင်းတွေ၊ နည်းလမ်းတွေထဲက နံပါတ်တစ် အရေးအကြီးဆုံး အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတွေတိုင်း အဓိကထား ကျင့်သုံးကြ တယ်။ အခု သူတို့တွေရဲ့ လူမှုကိုင်သွယ်ပုံ နည်းကောင်းတွေထဲက အဓိကကျတဲ့ (၅) မျိုးကို ဖော်ပြပေးထားပါတယ်။ လေ့လာကြည့်ပါ။ ပြီးရင် စပြီးကျင့်သုံးကြည့်ပါ။ ဒါမှမဟုတ် အဲဒီလို သူဌေး (သို့) ခေါင်းဆောင်မျိုးကို ရှာကြည့်ပါ။ တစ်ဟုန်ထိုး အောင်မြင်နိုင်တာကို တွေ့မြင်ခံစားနိုင်ပါတယ်။



၁။ နည်းနည်းပြောပြီး များများနားထောင်တယ်

တကယ့်ခေါင်းဆောင်ကောင်းတွေဟာ ကျွန်တော်တို့တွေမှာ နားနှစ်ဖက်ရှိပေမဲ့ ဘာကြောင့် ပါးစပ်တစ်ပေါက်ပဲ ပါရတာလဲဆိုတဲ့အချက်ကို ကောင်းကောင်းကြီး သိနှင့်နေကြသလိုပဲ။ ကောင်းကောင်း အသုံးချနိုင်ကြတယ်။ ပြောစရာဘယ်လောက်ပဲတွေ့တွေ့ နည်းနည်းပြောပြီး များများနားထောင်ပေးကြတယ်။ သူတို့တွေဟာ အမှန်တကယ် နားထောင်နိုင်အောင်လည်း အမြဲတမ်း လေ့ကျင့်ယူကြတယ်။ သူတို့ဝန်ထမ်းတွေ ပြောနေတာကို အမှန်တကယ်နားလည်အောင် အာရုံစိုက်နားထောင်ပေးသလို စိတ်ဝင်စားကြောင်းလည်း ပြပေးကြတယ်။

ဒီအလေ့အထက သိပ်ကိုမှန်တယ်။ လက်တွေမှာလည်း ဘယ်သူမဆို ကိုယ်ပြောနေတဲ့အချိန်မှာ စိတ်ဝင်တစား နားထောင်စေချင်ကြသလို အပေါ်ယံမဟုတ်တဲ့ နားထောင်ပေးမှုမျိုးကိုလည်း ဖြစ်စေချင်ကြတယ်။ ဒါကြောင့် နားထောင်စွမ်းရည်ကောင်းလာလေလေ ကိုယ့်အောင်မြင်မှုအတွက် အရေးအကြီးဆုံး ဉာဉ်တစ်ခုကို ဖန်တီး ပျိုးထောင်ရာ ရောက်လေလေပဲ။



၂။ ရိုးသားပွင့်လင်းပြီး တည်ကြည်ပေါ်လွင်မှုရှိကြတယ်

ထူးချွန်ပြောင်မြောက်ပြီး လူတိုင်းတသသဖြစ်လောက်တဲ့ ခေါင်းဆောင်ကောင်းတိုင်းဟာ သူတို့ရဲ့ မှားယွင်းမှု တွေကို ဖုံးကွယ်လေ့မရှိကြဘူး။ ပြောရရင် သူတို့အမှားတွေအတွက် တခြားတစ်ယောက်ကို ပြစ်တင် မောင်းမဲတာမျိုး၊ ကာဗာယူတာမျိုးမလုပ်ဘူး။ အမှားမှန်း သိတာနဲ့ အမှန်ကိုပြင်ယူဖို့ ဝန်မလေးတတ်ကြဘူး။ ပြီးတော့ သူတို့သိသမျှ၊ တတ်သမျှကိုလည်း ပြန်သင်ပေးဖို့၊ ပြန်မျှဝေပေးဖို့ဆိုရင်လည်း ရက်ရက်ရောရောပဲ။ မတွန့်တိုတတ်ကြဘူး။ ကိုယ့်လက်အောက်ငယ်သားတွေနဲ့ အဲဒီလို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး နေထိုင်ခြင်းက သူတို့ရဲ့ခံစားချက်ကိုလည်း အလေးထားရာရောက်တယ်။ ပြီးတော့ အဖွဲ့အစည်းကောင်း တစ်ခုကို အကောင်အထည်ဖော် ဖန်တီးရာလည်းရောက်တယ်။

၃။ အချိန်ပေးပြီး ချီးကျူးစကားဆိုတတ်ကြတယ်

အောင်မြင်သူတွေနဲ့ပတ်သက်ပြီး ဟားဗာ့ဒ်သက္ကသိုလ်က လေ့လာစစ်တမ်းထုတ်ကြည့်တော့ သူတို့ရဲ့ အောင်မြင်မှုပမာဏနဲ့ အဖွဲ့သားတွေ၊ အောက်လက်ငယ်သားတွေအပေါ် ချီးကျူးစကားဆိုတဲ့ ပမာဏဟာ တိုက်ရိုက်အချိုးကျနေတာကို တွေ့ခဲ့ရတယ်။ စွမ်းဆောင်ရည်အားနည်းတဲ့ အသင်းအဖွဲ့ပင်ဖြစ်စေဦးတော့ အားပေးနှစ်သိမ့်ရင်း သူတို့ရဲ့ အတွေးအခေါ်အယူအဆတွေကို သင်ကြားပေးကြတာကို တွေ့ရတယ်။ ဝေဖန်ပြောဆိုနေချိန်တောင်မှ အားပေးချီးကျူးစကားတော့ ပါစမြဲပဲ။ ပြီးတော့ အလုပ်ကျိုးစားတဲ့ဝန်ထမ်းတွေ ဆိုရင် အသိအမှတ်ပြုပေးရုံတင်မဟုတ်ဘူး၊ အောင်မြင်မှုလမ်းကြောင်းပေါ်ကိုလည်း လမ်းညွှန်တွန်းတင်ပေး တတ်ကြတယ်။



၎။ ဝေဖန်အကြံပြုမှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုလားကြတယ်

ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတွေဟာ သူတို့ရဲ့အမှားတွေကို ဝန်ခံရမှာမကြောက်ကြသလို ဝေဖန်အကြံပြုမှုတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံကြတယ်။ မှန်ကန်တဲ့ဝေဖန်အကြံပြုမှုပဲဖြစ်ဖြစ်၊ မှားယွင်းတဲ့ ဝေဖန်အကြံပြုမှုပဲဖြစ်ဖြစ်၊ တစ်နည်းအားဖြင့် အကျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့တွေကတော့ လက်ခံကြိုဆိုတတ်ကြပြီး အကျိုးရှိရှိအသုံးပြုကြတယ်။ သူတို့တွေဟာ ဝန်ထမ်းပဲဖြစ်ဖြစ်၊ အောက်လက်ငယ်သားပဲဖြစ်ဖြစ် ဘယ်သူ့ဆီကမဆို အကောင်းဆုံး အတွေးအခေါ်တွေ၊ အိုင်ဒီယာတွေ မထင်မှတ်ဘဲ ရတတ်တယ်ဆိုတာ လက်ခံထားကြသူတွေပါ။



၅။ အကျိုးသင့်အကြောင်းသင့်ကို အမြဲရှင်းပြလေ့ရှိတယ်

အမေရိကန်နိုင်ငံက အနုပညာလောကမှာ အောင်မြင်နေသူတစ်ဦးဖြစ်တဲ့ Oprah Winfrey ပြောခဲ့ဖူးတာလေး ရှိတယ်။ “စိတ်အားထက်သန်မှုက စွမ်းအားပဲ” တဲ့။ ဟုတ်တယ်၊ ကိုယ်စိတ်ဝင်စားတဲ့အပေါ်မှာ အားရုံထားခြင်းက စွမ်းအားဖြစ်လာစေတယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းတွေဟာ သေချာရှင်းပြ သင်ကြားပေးခြင်းဖြင့် သူတို့ရဲ့စိတ်ဝင်စားမှုကို ပြကြတယ်။ ဒါဟာ ဝန်ထမ်းတွေ၊ လက်အောက်ငယ်သားတွေရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်ပေးရာလည်းရောက်တယ်။ တစ်ခုခုလုပ်မယ်ဆိုရင်လည်း သေချာရှင်းပြပေးနိုင်လေ အကျိုးထိရောက်လေပဲ။ ဒါကြောင့် သူတို့ဟာ စာရွက်ပေါ်က အရာတွေထက် ဝန်ထမ်းတွေကို အခုလိုရှင်းပြခြင်းက ပိုထိရောက်တယ်ဆိုတာ ကောင်းကောင်းလက်ခံကြတယ်။

Credit-duwon

No comments:

Post a Comment