အချစ်ရေးရာကိစ္စတွေမှာ ယောင်္ကျားလေးဖက်ကပဲ အရင်စတင်ရမယ်လို့ အများအားဖြင့် လက်ခံထားတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ကို စပြီးချဉ်းကပ်တာကနေစပြီး ချစ်ခွင့်ပန်တာအထိ အားလုံးဟာ ယောင်္ကျားလေးတွေရဲ့အလုပ်လို့ပဲ ခံယူထားကြတာ ဖြစ်ပါတယ်။
ဘာကြောင့်ပါလဲ။ အခုဆိုရင် ၂၁ ရာစုနှစ်ရောက်နေပါပြီ။ လိင်ခွဲခြားတဲ့စံချိန်စံညွှန်းတွေဟာ နယ်ပယ်တော်တော်များများမှာ မှေးမှိန်ပျောက်ကွယ်နေပြီဖြစ်တာကြောင့် အရင်ခံယူချက်အဟောင်းကြီးကို ဘာလို့ဆက်လက်ကျင့်သုံးနေရတာပါလဲ။ တကယ်တမ်းအဖြေကတော့ ယောင်္ကျားလေးတွေကချည်းပဲ စတင်စရာမလိုပါဘူး။ ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ် အားလုံးကလက်ခံထားတာကြောင့် ငြင်းပယ်လို့လည်း မရပါဘူး။ ဒါပေမယ့် ရိုးရာယဉ်ကျေးမှုတစ်ခုတည်းကြောင့်ပဲ မိန်းကလေးတွေဖက်က အရင်မစတင်တာတော့ မဟုတ်ပါဘူး။ အခြားအကြောင်းရင်းတွေရှိပါသေးတယ်။ ဒီထဲကမှ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်း (၈)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လူမှုအသိုင်းအ၀ိုင်းက အပြစ်တင်မှာ စိုးရိမ်လို့
အချစ်ရေးရာကိစ္စတွေမှာ မိန်းကလေးတွေဖက်က အရင်မစတင်ရတဲ့ ပထမဆုံးအကြောင်းရင်းတစ်ခုကတော့ ရိုးရာဓလေ့ထုံးစံအရ လိင်ခွဲခြားမှုကြောင့် ဖြစ်ပါတယ်။ ချစ်မှုရေးရာကိစ္စတွေမှာ ယောင်္ကျားလေးက ဦးဆောင်မှသာ မိန်းကလေးက ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ လူမှုရေးသတ်မှတ်ချက်က ရှိနေပြီးသားဖြစ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေကျတော့လည်း ဒီလူမှုရေးသတ်မှတ်ချက်ကို အရေးမလုပ်ပေမယ့် သူတို့ကို မိန်းမမပီသသူ၊ အိနြေ္ဒမရှိသူအဖြစ် အများက ထင်မြင်ပြစ်တင်မှာကို မလိုချင်တဲ့အတွက် မစတင်ကြတာဖြစ်ပါတယ်။

ဒီလိုမျိုးကြုံတွေ့ရတယ်ဆိုရင် သင့်အနေနဲ့ မိန်းကလေးကို ပိုပြီးတော့ ပွင့်လင်းလာအောင် အားပေးသင့်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အခြားလူမှုအသိုင်းအ၀ိုင်းထဲမှာပဲဖြစ်ဖြစ် သူမကို ရဲရဲတင်းတင်း ပြောရဲဆိုရဲအောင် နွေးနွေးထွေးထွေးနဲ့ အားပေးတတ်မယ်ဆိုရင် အချစ်ကိစ္စတွေမှာလည်း သူမဖက်က ပိုပြီးရဲတင်းပွင့်လင်းလာပါလိမ့်မယ်။
၂။ အမျိုးသမီးတွေဖက်က အရင်စတင်စရာမလိုအပ်လို့
ချစ်မှုရေးရာကိစ္စတွေကို စီးပွားရေးဈေးကွက်နဲ့ ခိုင်းနှိုင်းပြောဆိုရတာ သိပ်တော့မကောင်းပါဘူး။ ဒါပေမယ့် ဒီကိစ္စနှစ်ခုက ဆင်တူပါတယ်။ ချစ်မှုရေးရာကိစ္စတွေမှာလည်း ဈေးကွက်တစ်ခုလိုပဲ ၀ယ်လိုအား၊ ရောင်းလိုအားတွေ ရှိနေပါတယ်။ များသောအားဖြင့် အချစ်ကိစ္စတွေမှာ ယောင်္ကျားလေးတွေကပဲ လိုလိုလားလားနဲ့ စတင်ချင်တတ်ကြတာကြောင့် ရောင်းလိုအားများနေတဲ့သဘောဖြစ်ပြီး မိန်းကလေးတွေက မဖြစ်မနေ စတင်စရာကိစ္စမဟုတ်တော့တဲ့ သဘောဖြစ်ပါတယ်။ သင်မပြောလည်း အခြားတစ်ယောက်က လာပြောမှာဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ ဘာများစတင်နေစရာလိုတော့မှာပါလဲ။

ဒီအချက်နဲ့ပတ်သက်လို့ကတော့ အပြောင်းအလဲဖြစ်အောင် သိပ်လုပ်လို့မရနိုင်ပါဘူး။ တစ်ခုရှိတာက သင့်ကိုယ်သင်ထိန်းသိမ်းဖို့ပါ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ အမြဲတမ်းစတင်နေရတာဖြစ်တဲ့အတွက် ဒီတစ်ခါမှာ တုပ်တုပ်မျှမလှုပ်ဘူးဆိုရင် မြင်းကမလှုပ် ခုံကလှုပ်တဲ့အခြေအနေလက္ခဏာတွေတော့ တွေ့ရမှာ ဖြစ်ပါတယ်။
၃။ အငြင်းခံရမှာကို စိုးရိမ်လို့
ပွင့်ပွင့်လင်းလင်းနဲ့ အရင်စပြောချင်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင်တောင်မှ ယောင်္ကျားလေး တစ်ယောက်နားကို သွားပြီး စကားပြောဖို့ဆိုတာ မလွယ်ကူပါဘူး။ အငြင်းခံလိုက်မှာကို ကြောက်တဲ့စိတ်က ယောင်္ကျားလေးတွေနည်းတူ မိန်းကလေးတွေမှာလည်း ရှိတတ်တဲ့ လူ့သဘာဝဖြစ်ပါတယ်။ ဒါကလည်း မိန်းကလေးတွေဖက်က အရင်မစတင်ရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။

သူမအနေနဲ့ စိုးရိမ်စရာမရှိဖို့အတွက် အပြုသဘောဆောင်ပြီး ပွင့်လင်းတဲ့ ခန္ဓာဗေဒအမူအရာတွေကို အသုံးပြုပေးပါ။ တစ်ခန်းလုံးထဲမှာမှ သူမကိုပဲ ပြုံးပြလိုက်တာမျိုးက သင့်နားကို ချဉ်းကပ်လာစေဖို့ လမ်းဖွင့်ပေးရာ ရောက်ပါတယ်။
၎။ အချို့ယောင်္ကျားလေးတွေအတွက် အဆင်မပြေခံစားရတတ်လို့
မိန်းကလေးတွေဖက်က အရင်မစတင်ရတာကလည်း သူတို့ကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှ ယောင်္ကျားလေးတွေက ဒီလိုကိစ္စကို အလိုမရှိတတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောင်္ကျားလေးလုပ်ရမယ့်ကိစ္စကို မိန်းကလေးဖက်က စလုပ်တာဟာ သူတို့ကို ယောင်္ကျားမပီသစေတော့ဘူး လို့ ထင်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မိန်းကလေးတွေက ယောင်္ကျားလေးဖက်ကို နားလည်ပေးပြီး အရင်မစတင်တာဖြစ်ပါတယ်။

သင့်အနေနဲ့ မိန်းကလေးဖက်က အရင်စတင်တာမျိုးကို လိုချင်တယ်ဆိုရင် ဒီလိုခံယူချက်မျိုးကို အရင်ရှင်းလင်းထားဖို့ လိုပါတယ်။
၅။ အချိန်ကုန်မခံနိုင်လို့
အခုလို နည်းပညာခေတ်ကြီးထဲမှာ အွန်လိုင်းဒိတ်တင်းဝန်ဆောင်မှုတွေ ရှိနေတာတောင်မှပဲ ချစ်မှုရေးရာကိစ္စအတွက် အရင်စတင်ဖို့စတာက အချိန်အတိုင်းအတာတစ်ခုတော့ ပေးရတတ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေအတွက် မိန်းကလေးတွေက အချိန်ကုန်မခံချင်တတ်ကြပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ရင်တော့ သင့်ရဲ့အွန်လိုင်းပရိုဖိုင်မှာ စိတ်ဝင်စားစရာအချက်အလက်လေးတွေ၊ ဆွေးနွေးစရာခေါင်းစဉ်လေးတွေ ရှိနေဖို့လိုပါတယ်။ ဒါမှသာ မိန်းကလေးဖက်က စပြီးဆက်သွယ်လာဖို့ လွယ်ကူမှာဖြစ်ပါတယ်။
၆။ စိတ်ပျက်စရာမဖြစ်ချင်လို့
မိန်းကလေးတွေဖက် အရင်စတင်ကြိုးစားတာဟာ သူတို့ကိုစိတ်ပျက်စရာဖြစ်စေမလားဆိုတာကို ပိုပြီးစိုးရိမ်တတ်ကြပါတယ်။ ဒီလိုစတင်တာဟာ မိန်းကလေးအလုပ်မဟုတ်ဘူးလို့ အများကသတ်မှတ်ထားတာကြောင့် မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးကို ချဉ်းကပ်ကြိုးစားတာဟာ ပုံမှန်မဟုတ်သလို ဖြစ်နေပြီး အမျိုးသမီးအားလုံးအတွက် စိတ်မလုံခြုံမှုနဲ့ စိတ်ပျက်စရာတွေကို ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

မိန်းကလေးဖက်မှာ ဒီလိုစိုးရိမ်မှုမျိုးမရှိစေချင်ဘူးဆိုရင် သင့်အနေနဲ့ ချဉ်းကပ်လာတဲ့မိန်းကလေးကို အရှက်ရအောင် လှောင်ပြောင်တာမျိုး မလုပ်မိဖို့ လိုပါတယ်။ သင်သဘောကျတဲ့ပုံစံမဟုတ်ဘူးဆိုရင်တောင် လိမ္မာပါးနပ်စွာနဲ့ ငြင်းဆိုတတ်ဖို့လိုပါတယ်။
၇။ မိန်းကလေးဖက် စတင်လို့ရတယ်ဆိုတာကို မေ့လျော့နေလို့
မိန်းကလေးတွေဟာ သူတို့ဖက်က အရင်စတင်ကြိုးစားခွင့်လည်း ရှိတယ်ဆိုတာကို မေ့နေတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုယဉ်ကျေးမှုပဲဖြစ်ဖြစ် ရုပ်ရှင်ဇာတ်လမ်းတွေ၊ စာအုပ်စာပေတွေနဲ့ သီချင်းတွေရုပ်သံအစီအစဉ်တွေအထိ ယောင်္ကျားလေးကပဲ အရင်စတင်တာကို ပြသနေတာဖြစ်တဲ့အတွက် မိန်းကလေးတွေမှာ ဒီအခွင့်အရေးမရှိဘူးလို့ သတ်မှတ်လိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုးဆိုရင်တော့ သင့်အနေနဲ့ အပြုသဘောဆောင်တဲ့ ခန္ဓာဗေဒအမူအရာတွေ၊ အပြုံးတွေ၊ နေပုံထိုင်ပုံတွေကနေတဆင့် မိန်းကလေးဖက်က စတင်လာအောင် လုပ်ပေးရမှာဖြစ်ပါတယ်။
၈။ သူမအတွက် မသေချာလို့
မိန်းကလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို မျက်စိကျနေပေမယ့် သူမဖက် အရင် မစတင်တာမျိုးလည်း ရှိပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် ဒီယောင်္ကျားလေးဟာ သူမအတွက် ရာနှုန်းပြည့် အဆင်ပြေမပြေကို မသေချာသေးလို့ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူမအနေနဲ့ အချိန်ယူပြီး ယောင်္ကျားလေးအကြောင်းတွေကို သိအောင်ကြိုးစားပါလိမ့်မယ်။ ပြီးမှာသာ သူမဖက်က အရင်စသင့်မစသင့်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် လူကိုသေချာရွေးချယ်တတ်တာကြောင့် ဖြစ်ပါတယ်။

ဒီလိုမိန်းကလေးမျိုးဆိုရင်တော့ သင့်အနေနဲ့ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ရာကောင်းသူတစ်ယောက် ဖြစ်နေအောင် ကြိုးစားပြရမှာဖြစ်ပါတယ်။ လူတွေနဲ့ဆက်ဆံရာမှာ ဟန်ဆောင်မှုကင်းကင်းနဲ့ အရိုးသားဆုံး ကြင်ကြင်နာနာဆက်ဆံပါ။ ဒီလိုဆို သူမအနေနဲ့ ရှေ့ဆက်ဖို့ သံသယတွေရှိတော့မှာ မဟုတ်ပါဘူး။
#Achitlwinpyin
Credit-gentleman
No comments:
Post a Comment