မိခင်အိုကြီးကို သားဖြစ်သူနဲ့ ချွေးမတို့က ဝက်ခြံထဲမှာ နှစ်နဲ့ချီထားရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ရာက သတင်းဓာတ်ပုံတွေ တရုတ်ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ပိန်ချုံးချည့်နဲ့နေတဲ့ သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးရဲ့ ဓာတ်ပုံတွေက တရုတ်ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို တုန်လှုပ်ပြီး ဒေါသတကြီး ဖြစ်စေခဲ့ပါတယ်။ တရုတ်တောင်ပိုင်း ဂွမ်ဇီဒေသရှိ သတင်းစာတွေက အသက် ၉၂ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးကို သားဖြစ်သူနဲ့ ချွေးမတို့က ဝက်ခြံထဲမှာ နှစ်နဲ့ချီထားရှိခဲ့ကြောင်း သတင်းဖော်ပြခဲ့ရာက အဆိုပါသတင်းဓာတ်ပုံတွေ Weibo တရုတ်ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
မျိုးနွယ်အမည် ယန်လို့သိရတဲ့ အဆိုပါ အဘွားအိုကို ဝက်ခြံအဖြစ်သုံးတဲ့ အခန်းကျဉ်းလေးထဲမှာ နေထိုင်ရပြီး သစ်သားခုံတန်းလျားတစ်ခုမှာ အိပ်စက်ရကြောင်း Southern Morning Post သတင်းက ပြောပါတယ်။ လတ်တလော လပိုင်းအတွင်း တရုတ်အွန်လိုင်းအသုံးပြုသူတွေက သက်ကြီးရွယ်အို မိဘတွေကို ၎င်းတို့ရဲ့ သားသမီးတွေက လစ်လျူရှုထားတဲ့ ဖြစ်ရပ်များအပေါ် ဝိုင်းဝန်းရှုတ်ချမှုတွေ စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
ဝက်ခြံထဲမှာ ပိတ်လှောင်ထားခံရတဲ့ အဘွားအိုရဲ့အဖြစ်ကို တရုတ်နာမည်ကြီး ဗီဒီယိုဝက်ဘ်ဆိုက် Miaopai မှာ Pretty Nan Gualan အကောင့်အမည်ဖြင့် အသုံးပြုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက လွှင့်တင်ခဲ့ရာမှာ လူအများသိရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဗီဒီယိုလွှင့်တင်ခဲ့တဲ့ အမျိုးသမီးက "သူမကို ဒီနေရာမှာ ဘယ်လိုများထားနိုင်ခဲ့တာလဲ၊ သူမကို အစားအစာ ကျွေးရဲ့လား" လို့ အညွန်းစာရေးသားထားခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်က လွှင့်တင်ခဲ့တဲ့ အဆိုပါ ဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ ၁.၈ သန်းရှိခဲ့ပြီး ကြည့်ရှုသူအများအပြားက မခံမရပ်နိုင်ဖြစ်ကာ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Sina Weibo မှာ ပြန်လည် ဖြန့်ဝေခဲ့ကြပါတယ်။ တရုတ်ဆိုရှယ်မီဒီယာမှာ #92YearOldKeptInPigsty လို့ hashtag ဖြင့် ဖြန့်ဝေခဲ့ကြပြီး အဘွားအိုရဲ့ သားနဲ့ချွေးမကို လူ့တိရစ္ဆာန်များအဖြစ် ပြောဆိုခဲ့ကြပြီး အရေးယူရန် တောင်းဆိုခဲ့ကြပါတယ်။
တရုတ်အွန်လိုင်း အသုံးပြုသူတွေကြား အဆိုပါ အဘွားအိုနဲ့ပတ်သက်ပြီး Southern Morning Post သတင်းစာက ဇန်နဝါရီ ၁၀ ရက်မှာ လွှင့်တင်ခဲ့တဲ့ ဓာတ်ပုံများကြောင့် ပိုမိုဒေါသထွက်ခဲ့ကြကြောင်း သိရပါတယ်။ Southern Morning Post က အဘွားအိုကို ကျန်းမာရေးစစ်ဆေးနေရာ အာဟာရပြတ်ပြီး ပိန်ချုံးချည့်နဲ့နေတဲ့ အခြေအနေကို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
သတင်းစာရဲ့အဆိုအရ ယခုအခါမှာတော့ အဘွားအိုယန်ကို ဒေသတွင်း ဆေးရုံက ပြုစုစောင့်ရှောက်ထားပြီး ဒေသခံတွေက အဝတ်အစားနဲ့အိပ်ရာ ထောက်ပံ့ကူညီပေးကြကြောင်း သိရပါတယ်။
အဘွားအိုယန်ရဲ့ သားဖြစ်သူ ဝူဆိုသူကတော့ ၎င်းရဲ့မိခင်ဟာ အပေါ့အလေးစွန့်ခြင်းကဲ့သို့ ကိစ္စတွေမှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဖြစ်လာပြီးနောက် သားနဲ့ချွေးမကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ၊ နေအိမ်မှာ အညစ်အကြေး အနံ့အသက်တွေ ထွက်နေမှာစိုးတာကြောင့် သူမဆန္ဒအတိုင်း ဝက်ခြံအခန်းငယ်ထဲမှာ သွားရောက်နေထိုင်တာဖြစ်တယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲက ဝူနဲ့၎င်းရဲ့ဇနီးကို ညှဉ်းပန်းမှုဖြင့် သံသယရှိခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ပေမဲ့ အဘွားအိုယန် ကိုယ်တိုင်က ဆန္ဒအလျောက် ဝက်ခြံထဲမှာ နေထိုင်ခြင်းဖြစ်တာကြောင့် ၎င်းတို့နှစ်ဦးကို တရားစွဲခြင်းမပြုခဲ့ကြောင်း သိရပါတယ်။ အဘွားအိုယန်ရဲ့ ဖြစ်ရပ်ဟာ တရုတ်အွန်လိုင်းအသုံးပြုသူတွေကြား ဒေါသတကြီး ဖြစ်ခဲ့ကြရတဲ့ ပထမဆုံးဖြစ်ရပ် မဟုတ်ဘူးလို့ ဆိုပါတယ်။
ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း ဟေနန်ပြည်နယ်ရှိ အသက် ၆၂ နှစ်အရွယ် အဘိုးအိုတစ်ဦးဟာ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ စားသောက်ဆိုင်တွေမှ အကြွင်းအကျန် အစားစာတွေကို ရှာဖွေစားနေတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်ခဲ့ပါသေးတယ်။ အဆိုပါ အဘိုးအိုက ၎င်းရဲ့သမီးဖြစ်သူ နေအိမ်မှာ
ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတာကြောင့် အမှိုက်ပုံမှာ အစားအစာ အကြွင်းအကျန်များ ရှာဖွေစားခဲ့တယ်လို့ ဆိုပါတယ်။ ထိုလအတွင်းမှာပဲ တရုတ်မြောက်ပိုင်း ဂျီနန်ပြည်နယ်မှာ အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးဟာ ရေခဲမှတ်အောက်ရောက်အောင် အေးခဲနေတဲ့ ညအချိန်အတွင်း လမ်းဆုံလမ်းခွမှာ ဟင်းသီးဟင်းရွက်တွေ ထိုင်ရောင်းနေတဲပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး တရုတ်အွန်လိုင်းသုံးသူများ ဒေါသဖြစ်ခဲ့ကြရပါတယ်။
အဆိုပါ အဘွားအိုဟာ သားဖြစ်သူကို အိမ်ဝယ်နိုင်ဖို့အတွက် ပိုက်ဆံကူညီရှာဖွေပေးခဲ့တာလို့ ဆိုပါတယ်။ တရုတ်အလယ်ပိုင်း ဟေနန်ပြည်နယ်မှာ ၂၀၁၄ ခုနှစ်က သားသမီးတွေ လစ်လျူရှုထားခံရတဲ့ အခြေအနေဖြင့် အသက် ၉၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။ တရုတ်မှာ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာနေပြီး ၂၀၅၀ ခုနှစ်အရောက်မှာ နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံဟာ အသက် ၆၅ နှစ်အထက် ဖြစ်နေမယ်လို့ ခန့်မှန်ထားကြောင်း သိရပါတယ်။
Source & Photo: BBC, Weibo
Credit: Duwun
Sunday, March 05, 2017
Home
/
Unlabelled
/
မိခင်အိုကို သားနဲ့ချွေးမက ဝက်ခြံထဲထည့်ထားတဲ့ ဖြစ်ရပ်ကြောင့် တရုတ်အွန်လိုင်းမှာ ဒေါသထွက်နေကြ
မိခင်အိုကို သားနဲ့ချွေးမက ဝက်ခြံထဲထည့်ထားတဲ့ ဖြစ်ရပ်ကြောင့် တရုတ်အွန်လိုင်းမှာ ဒေါသထွက်နေကြ
About Naethit
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment