ကျွန်မတို့အမျိုးသမီးတွေ အများစုက ချစ်သူဘ၀တုန်းက ရရှိခဲ့ဖူးတဲ့ သာယာကြည်နူးဖွယ်အချိန်လေးတွေကို အမြဲတမ်း အမှတ်တရနဲ့ သတနေတတ်ကြတယ်။ ဒါပေမဲ့ ချစ်သူဘ၀တုန်းကလို သာယာပျော်ရွှင်မှုမျိုးကို နောက်တစ်ကြိမ်ပြန်လည်ရရှိအောင် အားထုတ်ကြိုးပမ်းဖို့ကိုတော့မေ့နေတဲ့အိမ်ရှင်မတွေက များပါတယ်။ ချစ်သူဘ၀တုန်းကလို သာယာပျော်ရွှင်ဖွယ်ရဖို့အတွက် နောက် ချစ်သူထားဖို့(အိမ်ထောင်ရေး ဖောက်ပြန်ဖို့)ပြောတာ မဟုတ်ပါဘူး၊ ကိုယ့်ခင်ပွန်းနဲ့ ချစ်သူဘ၀တုန်းကလို သာယာကြည်နှူးဖွယ်ကောင်းတဲ့ အခြေအနေနဲ့ အနေအထားကို မကြာခဏ ပြန်သွားသင့်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
ကိုယ်နဲ့ချစ်သူ ချစ်သူဘ၀သက်တမ်းကိုဖြတ်သန်းပြီးမှ လက်ထပ်ကြတဲ့ ဇနီးမောင်နှံတွေ ဖြစ်တယ်ဆိုရင် တောင်မှ ချစ်သူဘ၀တုန်းကလို သာယာပျော်ရွှင်ဖွယ်ရာအခြေအနေတွေကို မကြာခဏပြန်ပြန်သွားကြဖို့လည်း အကြောင်းကြောင်းတွေကြောင့် မေ့လျော့ပျက်ကွက်နေခဲ့ကြပါတယ်။ ကျွန်မနဲ့မောင်က ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပြီးတော့လည်း သားကြီး၊ သမီးကြီးတွေ မွေးဖွားပြီးချိန်ထိ ချစ်သူဘ၀တုန်းကလို သာယာပျော်ရွှင်မှုတွေက ပျောက်ဆုံးနေပြန်တယ်။ ဒါကလည်း မိသားစု စားဝတ်နေရေး၊ လူမှုရေး စတဲ့ အရေးအရေးတွေနဲ့လောကဓံဆိုးတွေကြောင့် ကျွန်မတို့ရဲ့ အိမ်ထောင်ရေးဟာ ငြီးငွေ့ဖွယ်ကောင်းလာခဲ့ပါတယ်။
အဲဒီတုန်းကဆို ကျွန်မစိတ်ထဲမှာ အော်…ဘာကြောင့်များ ငါအိမ်ထောင်ပြုခဲ့မိပါလိမ့်၊ အိမ်ထောင်သာ မပြုခဲ့ရင် …ဆိုတဲ့ အတွေးဆိုးတွေလည်း မကြာခဏ၀င်ရောက်ခဲ့ပြီး အိမ်ထောင်ဘက်အပေါ်မှာလည်း ကျေနပ်နှစ်သိမ့်မှု မရှိပါဘူး။ သားသမီးတွေကြောင့်သာ ဒီအိမ်ထောင်ကို မပြိုကွဲအောင်နေထိုင်နေရပေမဲ့ အိမ်ထောင်ရေးရဲ့ သာယာအေးချမ်းမှုတွေ ပျောက်ဆုံးနေတာ လေးငါးနှစ်မက ကြာမြင့်ခဲ့ပါတယ်။ အဲဒီကာလတွေမှာ ကိုယ်က စီးပွားရေးကို အာရုံစိုက်နေလို့သာ ဒီလိုအခြေအနေကို ဖြတ်သန်းနိုင်တာပါ၊ နို့မို့ဆိုရင်တော့သူနဲ့ကျွန်မ အိမ်ထောင်ရေးဟာလည်း မတွေးဝံ့စရာပါပဲ။
အဲဒီလိုနဲ့တစ်နေ့မှာတော့ ကျွန်မစိတ်ထဲမှာ သူနဲ့ချစ်သူ ဘ၀တုန်းကလို သာယာကြည်နှူးဖွယ်ကောင်းတာ လေးတွေကို ပြန်သတိရလာတယ်။ အဲဒီလို နေချင်လိုက်တာလို့လည်း တမ်းတမိပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ မိသားစုလိုက် ခရီးသွားဖို့စဉ်းစားခဲ့ကြတယ်။ ပြီးတော့ သူနဲ့နှစ်ဦးတည်ချိန်းတွေ့ပြီး ကြည်နှူးစွာ နေထိုင်ဖို့ကို သဘောတူခဲ့ကြတယ်။ ချိန်းတွေ့တဲ့ အခါမှာလည်း ချစ်သူဘ၀တုန်းကလိုပဲ သူစိတ်ချမ်းသာဖို့သူ စိတ်ကျေနပ်ဖို့ကိုပဲ ဦးစားပေး စဉ်းစားကြပါတယ်။
အဲဒီနေ့မှာ သူ ဘာအင်္ကျီဝတ်မလဲ၊ ကျွန်မ စီစဉ်မပေးဘူး၊ သူ့ဟာသူ သူ့စိတ်တိုင်းကျ ၀တ်ချင်တာ ၀တ်ပါ၊ ကျွန်မကလည်း ၀တ်ချင်တာ လွတ်လပ်ပေါ့ပါးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့ အဲဒီနေ့မှာ သူက ဘာပြောပြော ကျွန်မက သူစိတ်ချမ်းသာဖို့တစ်ခုတည်းကိုပဲ ဦးတည်ပေးမယ်၊ သူနဲ့ပြန်လှန်ငြင်းခုံတာမျိုး တွေလည်း လုပ်ချင်မှလုပ်မယ်။ သူကလည်း ကျွန်မ စားချင်တဲ့ မုန့်ကအစ အစားအသောက်အစုံ ၀ယ်ကျွေးမယ်။ ချစ်သူတုန်းကလို နှစ်ယောက်အတူတူ ပျော်ရွှင်ကြည်နှူးအောင် နေထိုင်ကြမယ်။ နောက်မိသားစုနေ့မှာလည်း အားလုံးအတူတူ ပျော်ရွှင်အောင် နေထိုင်ကြမယ်ပေါ့၊ မိသားစုနေ့ဆိုရင် တစ်နေကုန် မိသားစု အတူတူ ရှိနေတယ်။ နံနက်စာ ကနေစပြီး ညစာ အထိ အတူတူ၊ ပြီးတော့ အားလပ်ရက်မို့ဘုရားသွားကြမလား၊ အိမ်အလုပ်တွေ လုပ်မလား၊ တစ်နေကုန် ဗွီဒီယို ဇာတ်ကားတွေ အတူတူကြည့်ကြမလား။ တကယ်ပဲ စိတ်ထဲမှာလည်း လွတ်လပ်ပေါ့ပါးတယ်။ တစ်ပတ်လုံး ပင်ပန်းနွမ်းနယ်ခဲ့တာတွေလည်း ပြေပျောက်ပါတယ်။
ဒါကပဲ ကျွန်မကို စိတ်အေးချမ်းသာယာမှုကို ဖြစ်စေသလား။ ဒါကြောင့်အိမ်ရှင်မတွေကို အကြံပြုချင်ပါတယ်။ ခင်ပွန်းသည်နဲ့ ချိန်းတွေ့ပါ။ ချိန်းတွေ့ဖို့လည်း ပြင်ဆင်ပါနော်။ အချို့ကလည်း မိသားစုအတူတူ သွားလာကြရင်း နှစ်ဦးတည်း ကြည်နှူးစရာဖြစ်အောင် ပြောဆိုတာမျိုးလည်း ရှိပါတယ်။ ဒါကလည်း သာယာကြည်နှူးစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်ကိုယ့်ကို လှနေအောင် တင့်တယ်ပြီး ကျက်သရေ ရှိနေအောင် ကြိုပြင်ထားပါ။ အဲဒီနေ့မှာ ၀တ်မဲ့အင်္ကျီကအစ ရွေးချယ်ထားပါ၊ အကြည့်ခံနိုင်မဲ့ အလှမျိုးဖြစ်အောင် ပြင်ဆင်ပါနော်။
စိတ်ပိုင်းဆိုင်ရာကတော့အဲဒီနေ့မှာ သူ့ကို အစွမ်းကုန်နားလည်ပေးမယ်၊ သူစိတ်ချမ်းသာအောင် ထားမယ် ဆိုတဲ့စိတ်ကို ပြင်ဆင်ထားပါ၊ စိတ်တိုတတ်တဲ့ အိမ်ရှင်မများ အဲဒီနေ့မှာ စိတ်အေးချမ်းဖို့နဲ့ စိတ်ရှည် သည်းခံနိုင်ဖို့ တရားထိုင်ထားပါ၊ မေတ္တာပို့တာတွေ ဘာတွေနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ပြင်ဆင်ထားပါနော်။ ကိုယ့်ခင်ပွန်း(သို့မဟုတ်) ဇနီးသည်က သာယာကြည်နှူးမှုကို လိုလားနေချိန်မှာ ကိုယ်က မပေးနိုင်ခဲ့ဘူး ဆိုရင် သူက ပေးနိုင်တဲ့သူအပေါ်မှာ သာယာသွားတတ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
ဒါကြောင့် ကိုယ့်မိသားစု မပြိုကွဲဖို့ အတွက် မိသားစုဘ၀မှာ သာယာပျော်ရွှင်ကြဖို့ လိုပါတယ်။ ပိုက်ဆံရှိမှ အရာရာပြည့်စုံမှ ဒီလိုပျော်ရွင်ကြတာပေါ့ဆိုရင် မပြည့်စုံခင်မှာ ခွဲခွာသွားတဲ့သူတွေ ရှိလာနိုင်ပါတယ်။ အဲဒီအခါ နောင်တရစိတ်နဲ့ ဘ၀ကို ဖြတ်သန်းကြမှာမျိုးလည်း မဖြစ်စေချင်ပါဘူး။ တကယ်တော့ သားတွေသမီးတွေရဲ့ အနာဂတ်မှာ ချစ်ခြင်းမေတ္တာကို နားလည်စေဖို့မိဘတွေရဲ့ချစ်ခြင်းမေတ္တာကနေ သင်ယူကြတာပါ။ ဒါကြောင့် သားသမီးတွေရဲ့အနာဂတ် စိတ်ဒဏ်ရာကင်းကင်းနဲ့ ကြီးပြင်းစေဖို့။ သူတို့ဘ၀လေးတွေ လှပစေဖို့ မိဘတွေ အနေနဲ့ မိသားစုဘ၀ဆိုတာ သာယာအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းဖို့ ကြိုးစားအားထုတ်သင့်ပါတယ်။
နောက်တစ်ချက်ကတော့ တကယ်တမ်း ဘ၀ခရီးရှည်ကို လျှောက်ကြတဲ့အခါ မိသားစုအတွက် ချစ်ခြင်းမေတ္တာ အရေးကြီးတယ်ဆိုတာကို ကျွန်မ လက်ခံလာခဲ့တယ်။ လောကဓံအဆိုးကို ဖြတ်သန်းကြတဲ့အခါ သူနဲ့ကိုယ်နဲ့ အတူတူလက်တွဲပြီး ဖြတ်သန်းနိုင်ဖို့က သူနဲ့ကိုယ်နဲ့ ထားရှိတဲ့ အပြန်အလှန် ချစ်ခြင်းမေတ္တာပါ။ ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ အိမ်ထောင်ရေးမှာတော့တကယ့်ချစ်ခြင်းမေတ္တာက အရေးကြီးတယ်ဆိုတာကတော့အမှန်ပါပဲ။ ဒါကြောင့်ချစ်ခြင်းမေတ္တာတွေကို မကြာခဏနှိုးဆွပေးရာရောက်တဲ့ ကိုယ့်ခင်ပွန်းနဲ့တစ်လကို တစ်ကြိမ်ဖြစ်ဖြစ်၊ နှစ်ကြိမ်ဖြစ်ဖြစ် ချိန်းတွေ့ပါလို့ တိုက်တွန်းပါရစေ၊ မိသားစုနဲ့ဆိုရင်တော့အပတ်စဉ် မိသားစုနေ့လေး သတ်မှတ်ထားပြီး မိသားစုအတူတူပျော်ရွှင်ပါနော်။
အချို့က အတွန့်တက်ပါသေးတယ်၊ ပိုက်ဆံမရှိရင် မလုပ်နိုင်ဘူးဆိုတာမျိုးပါ၊ တကယ်တော့ မိသားစုနဲ့ သာယာစွာနေထိုင်ချင်စိတ်က အရေးကြီးတာပါ၊ အဲဒီလို နေထိုင်ချင်လာတဲ့အခါ ပိုက်ဆံကိုလည်း အဲဒီလို သွားလာဖို့ ကြိုးစားရှာတော့မှာပါ။ ဒီလို မိသားစုလေး သွားလာတာက သူငယ်ချင်းနဲ့ ဘီယာဆိုင်ထိုင်တာ လောက်ပဲ ကုန်ကျပါတယ်။ အဲဒီလို သောက်စားမဲ့အစား ကိုယ့်ဇနီးနဲ့ သားသမီးတွေကို ခေါ်ပြီး ဟိုဟိုဒီဒီ ခရီးလေးသွားလိုက်တာ ဘ၀ရေးအတွက် ရင်းနှီးမြှုပ်နှံလိုက်သလိုပဲ ဆိုတာကိုလည်း သဘောပေါက် နားလည်စေချင်ပါတယ်။ မတူတဲ့အမြင်များကိုလည်း ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးတင်ပါတယ်။
#Achitlwinpyin
Source: MMK
No comments:
Post a Comment